အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အသက်ဝင်လာစဉ် ထောင်နှင့်ချီသော ရုရှနိုင်ငံသားများ ထိုင်းနိုင်ငံ၌ ပိတ်မိနေ

အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အသက်ဝင်လာစဉ် ထောင်နှင့်ချီသော ရုရှနိုင်ငံသားများ ထိုင်းနိုင်ငံ၌ ပိတ်မိနေ

မတ် ၉

ရုရှနိုင်ငံမှ ခရီးသွားဧည့်သည် ထောင်နှင့်ချီတို့သည် ယခုအခါတွင် ထိုင်းနိုင်ငံ၌ ပိတ်မိပြီး သောင်တင်လျက် ရှိကြောင်း တာဝန်ရှိသူများက မတ်လ ၈ ရက်တွင် ပြောသည်။ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲသည့် ရုရှအပေါ် အနောက်နိုင်ငံများ ချမှတ်လိုက်သည့် မကြုံစဖူးသော ဒဏ်ခတ်ပိတ်ဆို့မှုများက လက်တလောတွင် ထိုင်းနိုင်ငံရောက် ရုရှနိုင်ငံသားများကို အကျပ်အတည်းဖြစ်စေလျက် ရှိပြီး ၎င်းတို့သည် လေယာဉ်ခရီးစဉ်များ ရှာရန်နှင့် ငွေပေးချေမှုများ ပြုလုပ်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခြင်း၊ ရူဘယ်လ်ငွေတန်ဖိုး ထိုးကျခြင်း၊ ရုရှဘဏ်များအပေါ် နိုင်ငံတကာငွေပေးချေရေးစနစ် SWIFT ကနေ ဖြတ်တောက်မှုကြောင့် ငွေပေးချေမှုဆိုင်ရာ ပြဿနာများ ဖြစ်လာခြင်းတို့နှင့်အတူ ရုရှနိုင်ငံသား ၇,၀၀၀ ကျော်သည် ယခုအခါ ဖူးခက်၊ ကော့စမွေ၊ ပတ္တယားနှင့် ကရာဘိတို့ကဲ့သို့ နေရာများတွင် သောင်မတင် ရေမကျအခြေအနေနှင့် ကြုံတွေ့ရလျက် ရှိကြောင်း ထိုင်း ခရီးသွားအာဏာပိုင်အဖွဲ့ အကြီးအကဲက ပြောသည်။

“ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ အိမ်ရှင် ဖြစ်ရမှာ ဖြစ်ပြီး အားလုံးကို စောင့်ရှောက်ရပါလိမ့်မယ်” ဟု ယွတ်သာဆက် ဆူပါဆွန်းက ရိုက်တာကို ပြောသည်။

“ဒီကို လာနေတဲ့ ရုရှတိုးရစ်တွေ ရှိနေဆဲပါ” ဟု ၎င်းက ပြောသည်။

ဘန်ကောက်ရှိ ရုရှသံရုံးကမူ ၎င်းတို့နိုင်ငံသားများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ပန်ကြားချက်ကို လက်တလော ဖြေကြားခြင်း မရှိပေ။

၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံသည် ရုရှ ခရီးသွား ၁ ဒသမ ၄ သန်းကို လက်ခံကြိုဆိုခဲ့သည်။ ဇန်နဝါရီလက လက်ခံကြိုဆိုခဲ့သည့် ရုရှနိုင်ငံသား ၂၃,၀၀၀ ခန့် ရှိခဲ့ပြီး ယင်းသည် နိုင်ငံသို့ ရောက်ရှိသည့် ခရီးသွားစုစုပေါင်း၏ ငါးပုံတစ်ပုံခန့် ဖြစ်သည်။

လက်ရှိ သောင်တင်နေသူများအနက် တစ်ဝက်ခန့်သည် ဖူးခက်ကျွန်းတွင် ရှိနေသည်။

“နှုန်းထားတွေ လျှော့ယူဖို့နဲ့ သူတို့ရဲ့ တည်းခိုကာလတွေကို ထပ်တိုးနိုင်စေဖို့ ဟိုတယ်တွေကိုလည်း ပန်ကြားထားပါတယ်” ဟု ဖူးခက် ခရီးသွားလုပ်ငန်းအဖွဲ့အစည်း၏ ဥက္ကဋ္ဌ ဘမ်မစ်ကီတီ ရက်ခ်တေအန်ဂမ်က ပြောသည်။

ရုရှဘဏ်များက ထုတ်ပေးထားသည့် Visa နှင့် Mastercard ကတ်များက အလုပ်မလုပ်တော့သည့်အတွက် အချို့သော ရုရှခရီးသွားများသည် တရုတ်၏ UnionPay ကို အသုံးပြုထားရမှုများ ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ယူကရိန်းကို ကျူးကျော်မှုကြောင့် ရုရှတွင် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်အခြေစိုက် အွန်လိုင်းငွေပေးချေမှုလုပ်ငန်းကြီးများဖြစ်သည့် Visa နှင့် Mastercard တို့က ကြေညာထားခဲ့သည်။

ရုရှတပ်များ ချက်ချင်း ပြန်ရုပ်ရေး တောင်းဆိုသည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်တစ်ရပ်ကို ထောက်ခံသည့် နိုင်ငံ ၁၄၁ နိုင်ငံတွင် ထိုင်းလည်း အပါအဝင် ဖြစ်ခဲ့သော်လည်း ထိုင်းသည် မော်စကိုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်းတော့ မရှိပေ။

တစ်ချိန်တည်းမှာပင် ယူကရိန်းမှ လူရာနှင့်ချီလည်း နိုင်ငံတွင် ပိတ်မိနေကြောင်း၊ အကြောင်းမှာ ယူကရိန်း၌ လေဆိပ် ပိတ်ထားမှုများ ရှိနေ၍ ဖြစ်ကြောင်း ဘမ်မစ်ကီတီက ပြောသည်။

ထိုင်း၌ ပိတ်မိနေသော ရုရှနိုင်ငံသားများကို အရှေ့အလယ်ပိုင်း လေကြောင်းလိုင်းများဖြင့် မော်စကိုသို့ ခရီးစဉ်များ ပျံသန်းရေးနှင့် ရုရှနိုင်ငံသားများအား ပြန်လည်ခေါ်ယူရေးဆိုင်ရာ စင်လုံးငှားလေယာဉ်ခရီးစဉ်များ စီစဉ်ပေးရေးအတွက် အားထုတ်မှုများ လုပ်နေကြောင်း ၎င်းက ပြောသည်။

ဖူးခက်တွင် ဟိုတယ်များ၊ လေယာဉ်ခရီးစဉ်များနှင့် အခြားလုပ်ငန်းကိစ္စရပ်များဆိုင်ရာ ငွေပေးချေမှုများအတွက် ခရစ်ပ်တိုငွေကြေး အသုံးပြုခွင့်ပေးရေးနှင့်ပတ်သက်ပြီး အဆိုပြုချက်တစ်ရပ်ကိုလည်း စဉ်းစားသုံးသပ်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly