အလုပ်အကိုင်ရှာရန် အာဖဂန်နစ္စတန်မှ အီရန်နိုင်ငံသို့ သွားရောက်သူ နေ့စဉ် ထောင်ချီ ရှိနေ

အလုပ်အကိုင်ရှာရန် အာဖဂန်နစ္စတန်မှ အီရန်နိုင်ငံသို့ သွားရောက်သူ နေ့စဉ် ထောင်ချီ ရှိနေ

အလုပ်အကိုင် ရှာဖွေရန်အတွက် အာဖဂန်နစ္စတန်နိုင်ငံကနေ အီရန်နိုင်ငံသို့ သွားရောက်သည့် အာဖဂန်နိုင်ငံသားဦးရေသည် နေ့စဉ် ၃,၀၀၀ ကျော်အထိ ရှိနေကြောင်း ဟီရတ်နှင့် နင်ရော့ဇ် ပြည်နယ်တို့မှ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားပြီး Tolo News က ဖော်ပြသည်။

အဆိုပါအရေအတွက်သည် ယင်းပြည်နယ်များမှ အီရန်သို့ တရားဝင် သွားရောက်သူဦးရေသာ ဖြစ်ပြီး အကယ်၍ တရားမဝင် နယ်စပ်ဖြတ်ကာ သွားရောက်နေသူများကိုပါ ထည့်တွက်မည်ဆိုပါက ကိန်းဂဏန်းသည် ယင်းထက် သိသိသာသာပိုများနေလိမ့်မည် ဖြစ်ကြောင်း Tolo News က ဖော်ပြသည်။

စီးပွားရေး ပြဿနာများနှင့် ရင်ဆိုင်နေရမှု၊ အလုပ်လက်မဲ့ဖြစ်မှုတို့ကြောင့် မိခင်နိုင်ငံကို စွန့်ခွာကာ ပြည်ပသို့ ထွက်ခွာနေရခြင်း ဖြစ်သည်ဟု အီရန်သို့ သွားရောက်ကြသည့် အာဖဂန်များက ပြောဆိုကြသည်။

“ကျွန်တော်မှာ အလုပ်အကိုင် မရှိဘူး။ ကျွန်တော်တို့ အလုပ်လက်မဲ့ဖြစ်တာ လတော်တော်ကြာသွားပါပြီ။ ဒါကြောင့် ကျွန်တော်တို့ အီရန်ကို သွားတာပါ” ဟု ဟီရတ်တွင် နေထိုင်သူတစ်ဦးဖြစ်သည့် ဖာဟက်ဒ် ဆူလ်တာနီက ပြောကြားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အလားတူ ဖာယက်ဘ် ဒေသခံတစ်ဦးဖြစ်သည့် ဆူလ်တန် မီအာကလည်း အာဖဂန်နစ္စတန်၌ အလုပ်အကိုင် မရှိသည့်အတွက် ၎င်းတို့သည် အလုပ်ရှာရန် တီဟီရန်သို့ သွားခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

အီရန်သို့ တရားဝင် လမ်းကြောင်းဖြင့် သွားရောက်သူများ ရှိသည့်အပြင် နေ့စဉ် လူပေါင်း ၃,၀၀၀ ကျော်သည်လည်း နင်ရော့ဇ် ပြည်နယ်မှတဆင့် မှောင်ခိုလမ်းကြောင်းဖြင့် သွားရောက်ကာ ပါကစ္စတန်မှတစ်ဆင့် အီရန်သို့ ဆက်လက်သွားရောက်ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly