ထိုင်ဝမ်က တရုတ်အားကစားဝတ်စုံဝတ်ဆင်ခဲ့သည့် အလံကိုင်အိုလံပစ်ပြိုင်ပွဲဝင်ကို ထောက်ပံ့ငွေ ဖြတ်တောက်

ထိုင်ဝမ်က တရုတ်အားကစားဝတ်စုံဝတ်ဆင်ခဲ့သည့် အလံကိုင်အိုလံပစ်ပြိုင်ပွဲဝင်ကို ထောက်ပံ့ငွေ ဖြတ်တောက်

ထိုင်ဝမ်အစိုးရသည် ပေကျင်းဆောင်းရာသီအိုလံပစ် အကြိုကာလက တရုတ်အသင်းအားကစားဝတ်စုံကို ဝတ်ဆင်ခဲ့သည့် အိုလံပစ်အလံကိုင်ဆောင်သူ ထိုင်ဝမ်အားကစားသမား တစ်ဦးအား ထောက်ပံ့ငွေဖြတ် တောက်လိုက်ကြောင်း မတ်လ ၃ ရက်က ကြေညာလိုက်သည်။

အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် အမြန်စီးစကိတ်သမား ဟွမ်ယူတင်သည် ဇန်နဝါရီလက ပေကျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် တရုတ်အသင်းဝတ်စုံဝတ်ပြထားသည့် ဗီဒီယိုကလစ်ကို လူမှုမီဒီယာပေါ် တင်ပြီးနောက် ဝေဖန်ပြစ်တင်ခံခဲ့ရသည်။သူမသည် ပြိုင်ပွဲဝင် ထိုင်ဝမ်အားကစားသမား ၄ ဦးအနက် တစ်ဦးဖြစ်သည်။

အငြင်းပွားဖွယ်အပြုအမူနှင့်မှတ်ချက်များ ထပ်တလဲလဲပြုလုပ်သဖြင့် အပြစ်ပေးသည့်အနေဖြင့် ဟွမ်အတွက် လေ့ကျင့်မှုနှင့်ယှဉ်ပြိုင်မှုဆိုင်ရာ အစိုးရအထောက်အပံ့များကို ၂ နှစ်ဆိုင်းငံ့မည်ဖြစ်ကြောင်း အားကစား စီမံ အုပ်ချုပ်ရေးအဖွဲ့ကပြောသည်။

ဟွမ်သည် နိုင်ငံအသင်း၏အဖွဲ့ဝင်အနေဖြင့် သူမ၏အခန်းကဏ္ဍကို ချိုးဖောက်ပြီး တိုင်းပြည်ဂုဏ်သိက္ခာနှင့် ပြည်သူများ၏ခံစားချက်ကို ထိခိုက်စေသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

ဝေဖန်မှုများကြောင့် ဟွမ်က ဗီဒီယိုကို ဖြုတ်ချခဲ့ပြီး တရုတ်လူမျိုးမိတ်ဆွေက ယင်း ယူနီဖောင်းကို လက်ဆောင်ပေးခဲ့ကြောင်းနှင့် ချစ်ကြည်ရင်းနှီးမှုအတွက် ဝတ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် ရှင်းပြခဲ့သည်။

ပြိုင်ပွဲဝင်နေသည့်အချိန်ကလည်း ဟွမ်က တရုတ်မီဒီယာနှင့်အင်တာဗျူးတွင် ပေကျင်း၌ယှဉ်ပြိုင်ရခြင်းသည် မိမိအိမ်ကဲ့သို့ ခံစားရကြောင်းပြောဆိုခဲ့သဖြင့် သူမအား ပို၍ပင် ဒေါသထွက်ခဲ့ကြသည်။

တရုတ်အစိုး၏ဆန့်ကျင်ကန့်ကွက်မှုကြောင့် ထိုင်ဝမ်သည် အိုလံပစ်ပွဲများနှင့်အခြားအားကစားပွဲကြီးများတွင် တရုတ်တိုင်ပေ အမည်ဖြင့်သာ ပါဝင် ယှဉ်ပြိုင်ခွင့်ရသည်။

အားကစားသမားများမှာလည်း ဆုတံဆိပ်ရရှိသည့်အခါ ၎င်းတို့နိုင်ငံတော်အလံကို လွှင့်တင်ခွင့် သို့မဟုတ် ထိုင်ဝမ်နိုင်ငံတော်သီချင်းကို နားဆင်ခွင့်တို့မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly