အစ္စတန်ဘူမြို့ရှိ ဝီဂါမူလတန်းကျောင်းကို တူရကီအစိုးရ ပိတ်သိမ်း

အစ္စတန်ဘူမြို့ရှိ ဝီဂါမူလတန်းကျောင်းကို တူရကီအစိုးရ ပိတ်သိမ်း

အစ္စတန်ဘူရှိ ဝီဂါမူလတန်းကျောင်းတစ်ကျောင်းတွင် တရုတ်ဆန့်ကျင်ရေးအကြောင်းအရာ များသင်ကြားနေသည်ဟု တရုတ်အစိုးရက တိုင်ကြားလာပြီးနောက် တူရကီအစိုးရက အဆိုပါကျောင်းကို ပိတ်သိမ်းလိုက်သည်။

ဖေဖော်ဝါရီ ၂၁ ရက်က အစ္စတန်ဘူလ်ရှိ ပြည်နယ်ဆိုင်ရာပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ဟီရာဝီဂါ မူလတန်းကျောင်းရှိ တံခါးများကို သော့ခတ်ခဲ့ပြီး ကျောင်းသား ၃၀၀ ကျော်ကို ဝင်ရောက်ခွင့်မပြုတော့ ကြောင်း ဆောင်းပါးရှင် ဂျီလီကက်ရှ်ဂါရီက RFA တွင် ရေးသားထားသည်။

ကျောင်းသည် တူရကီ၏ ကိုယ်ပိုင်စည်းမျဉ်းများကို ချိုးဖောက်သည်ဟု တရုတ်က ပြောကြားသော်လည်း အချို့သော တူရကီလွှတ်တော်အမတ်များက ကျောင်းကို ပြန်လည်ဖွင့်လှစ်လိုကြသည်။ တရုတ်နိုင်ငံက ကျောင်းကို အမှုဖွင့်ထားသည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။

ဟီရာဝီဂါကျောင်းသည် ဝီဂါအများအပြား အခြေချနေထိုင်သည့် အစ္စတန်ဘူခရိုင်တွင် တည်ရှိပြီး အချို့မှာ ရှင်ကျန်းဒေသအတွင်း ဖိနှိပ်မှုမှ ထွက်ပြေးလာသူများဖြစ်သည်။

ထိုကျောင်းသည် ကျောင်းသားများအား ဝီဂါဘာသာစကားနှင့် အခြားဘာသာရပ်များကို ပို့ချပေးပြီး တူရကီနိုင်ငံသားဖြစ်ခွင့်မရသေးဘဲ အစိုးရကျောင်းများမတက်နိုင်သေးသည့် ဝီဂါကလေးများကို သင်ကြားပို့ချပေးသည်ဟု ကက်ရှ်ဂါရီက ဆိုသည်။

အဆိုပါကျောင်းသည် အရွယ်ရောက်ပြီးသူများအား စက်ချုပ်ခြင်းနှင့် ကားမောင်းခြင်းကဲ့သို့သော အသက်မွေးဝမ်းကျောင်းအတတ်ပညာများအပါအဝင် အင်္ဂလိပ်နှင့်တူရကီဘာသာစကားတို့ကို သင်ကြား ပေးသည်။

တူရကီအစိုးရအာဏာပိုင်များထံ တိုင်ကြားထားသည့် တိုင်ကြားချက်တွင် အဆိုပါကျောင်းသည် ၂၀၁၉ ခုနှစ်က ကျောင်းအခမ်းအနားတစ်ခု၌ ကျောင်းသားများအား စစ်ယူနီဖောင်းများ ဝတ်ဆင်ခိုင်းခြင်းဖြင့် တူရကီစည်းမျဉ်းများကို ချိုးဖောက်သည်ဟု တရုတ်နိုင်ငံမှ တိုင်ကြားခဲ့ကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။

ဝီဂါများကို ထောက်ခံသောတူရကီပါလီမန်မှ အတိုက်အခံပါတီအမတ်များက ကျောင်းပိတ်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly