ထိုင်ဝမ်ကို ကျူးကျော်လာပါက တရုတ်အပေါ် ပိတ်ဆို့အရေးယူမှု ချမှတ်ရန် ဥပဒေကြမ်းကို အမေရိကန်အမတ်များ တင်သွင်း

ထိုင်ဝမ်ကို ကျူးကျော်လာပါက တရုတ်အပေါ် ပိတ်ဆို့အရေးယူမှု ချမှတ်ရန် ဥပဒေကြမ်းကို အမေရိကန်အမတ်များ တင်သွင်း

ထိုင်ဝမ်ကို တရုတ်၏ စစ်ရေးရန်စမှုများ ကြီးထွားလာသဖြင့် တိုက်ခိုက်ခြင်း သို့မဟုတ် ကျူးကျော် ဝင်ရောက်လာပါက တရုတ်နိုင်ငံအား ဘဏ္ဍာရေး အရ ပိတ်ဆို့အရေးယူမှု ချမှတ်ခွင့်ပြုမည့် ဥပဒေကြမ်းကို အမေရိကန်အထက်လွှတ်တော်အမတ် ၃ ဦးက တင်သွင်းလိုက်သည်။

ယူကရိန်းတွင် ရုရှား၏ စစ်ရေးကျူးကျော်မှုကို နမူနာယူပြီးနောက် တရုတ်ကလည်း ထိုင်ဝမ်နှင့် တောင် တရုတ်ပင်လယ်တွင် စစ်ရေးအင်အားပြလာမည်ကို ကျွမ်းကျင်သူများက စိုးရိမ်သည့်အချိန်တွင် ယခုဥပဒေ မူကြမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်ဝမ်ကို တရုတ်က လက်နက်ကိုင်ကျူးကျော်လာပါက အမေရိကန်နှင့် တရုတ်အကြား ငွေကြေးလွှဲ ပြောင်းမှု အားလုံးကို ဖြတ်တောက်ရန် ယင်းဥပဒေကြမ်းက အမေရိကန်အမတ်များကို အခွင့်အာဏာပေးမည်ဖြစ်သည်။

အထက်လွှတ်တော်အမတ် ရစ်ခ်စကော့နှင့် အခြားအမေရိကန်လွှတ်တော်အမတ် ၂ ဦးတို့က ထိုင်ဝမ်အား အင်အားသုံးပြီး တရုတ်က ကျူးကျော်ခြင်း၊ ပိတ်ဆို့ခြင်း သို့မဟုတ် အစိုးရအပြောင်းအလဲဖော်ဆောင်ခြင်းများ ပြုလုပ်ပါက တရုတ်အား ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ကြိုးပမ်းသည့်အနေဖြင့် ကွန်မြူနစ် တရုတ်အား တားဆီးရေး ဘဏ္ဍာရေး ပိတ်ဆို့မှု အက်ဥပဒေအား တင်သွင်းခဲ့ခြင်းဖြစ်သည်။

အထက်လွှတ်တော်အမတ် ရစ်ခ်စကော့က “ထိုင်ဝမ်က အာရှ-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံဖြစ်ပြီး ထိုင်ဝမ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးက ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ စီးပွားရေး အကျိုးစီးပွားအတွက် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“တရုတ်စစ်တပ်က ပုံမှန်ကျူးကျော်ဝင်ရောက်မှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကနေတစ်ဆင့် ထိုင်ဝမ်နိုင်ငံ သားတွေကို မကြာခဏဆိုသလိုနှောင့်ယှက်ခြိမ်းခြောက်ဖို့ ကွန်မြူနစ်တရုတ်ရဲ့ လုပ်ရပ်တွေ အတင့်ရဲ လာတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ဒီခြိမ်းခြောက်တဲ့ နည်းဗျူဟာတွေကို လျစ်လျူရှု့ထားမှာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိထားရပါမယ်” ဟု ၎င်းက ဆိုသည်။

"ဒီဥပဒေမူကြမ်းကို အတည်ပြုလိုက်တာက ပူတင်ရဲ့ ကျူးကျော်မှုကို အတုယူမယ်ဆိုရင် စီးပွားရေးအရ အထီးကျန်ဆန်မှုနဲ့ ပြင်းထန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာကို အထွေထွေ အတွင်းရေးမှူးရှီကို ရှင်းရှင်းလင်းလင်း သဘောပေါက်အောင်လို့ပါ " ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်ကနေဒီက "ပစိဖိတ်ဒေသက မိမိတို့ရဲ့ အဓိက မိတ်ဖက် ကို တရုတ်က တိုက်ခိုက်မှာကို အမေရိကန်အနေနဲ့ ခွင့်ပြုမှာ မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly