မျှော်လင့်ချက်နဲ့ အသက်ရှင်မယ့် အငြိမ်းစားကြီးတို့ရဲ့ မြေပိုင်ဆိုင်ရေး အိပ်မက်

မျှော်လင့်ချက်နဲ့ အသက်ရှင်မယ့် အငြိမ်းစားကြီးတို့ရဲ့ မြေပိုင်ဆိုင်ရေး အိပ်မက်

ဖေ့ဘုတ်စ် လူမှုကွန်ရက် အသုံးပြုသူတစ်ဦးမှ စတင်ခဲ့သော အငြိမ်းစားတို့အတွက် မြေကွက် များကို ရန်ကုန်တိုင်းအစိုးရ စီစဉ်ပေးမည်ဟူသော သတင်းအချက်အလက်သည် ယခုမူ အိမ်မက်ပမာ ပျက်ပြယ်သွားခဲ့ပြီ။ အငြိမ်းစား ဝန်ထမ်းတို့အတွက် မြေကွက်ချပေးမည်ဟူသည့် သတင်းကြောင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းကြီးများ သက်ဆိုင်ရာ မြို့နယ် စာတိုက်များတွင် သွားရောက်လျှောက်လွှာ တင်ကြသည့် မြင်ကွင်းသည် စွန်စွာ စိတ်ထိခိုက်ဖွယ်ရာ မြင်ကွင်းအဖြစ် မြင်တွေ့ရသည်။

နံနက်စောစောထ၊ နေပူပူတွင် လျှောက်လွှာကို တုန်တုန်ချိချိဖြင့်ရေး၊ အမြတ်တနိုး သိမ်းဆည်း ထားခဲ့သည့် ပင်စင်စာအုပ်လေးကိုင်ကာ မျှော်လင့်ချက်များဖြင့် စာတိုက်များဆီ လျှောက်လှမ်းလာခဲ့ ကြသည့် နိုင်ငံ့အတွက် တာဝန်ကျေခဲ့ကြသော အသီးသီးသော အငြိမ်းစားကြီးများ၏ လျှောက်လွှာ လျှောက်ကြပုံကို တွေးကြည့်ရုံဖြင့်ပင် ခန့်မှန်းနိုင်သည်။

အငြိမ်းစားကြီးများသည် ဘဝတစ်ခုလုံး နိုင်ငံ့တာဝန် ထမ်းဆောင်လျက် စား၊ ဝတ်၊ နေဟူ သည့် အရေးသုံးပါးတွင် လူတို့အတွက် တတိယအမြောက် အရေးကြီးဆုံးဖြစ်သော “နေ” ရေးအတွက် ဘဝနေဝင်ချိန်တွင်ပင် ဆန္ဒမပြည့်ခဲ့ကြသူများ ဖြစ်ခဲ့ကြသည်။ သတင်းမှန်မမှန် အတည်ပြုရန် ခက်ခဲ နေခဲ့ပြီး မမှန်ဟုဆိုသော်လည်း “ဘာဘဲပြောပြော မျှော်လင့်လို့ရတာပေါ့” ဟူသည့် အငြိမ်းစားကြီးများ ၏ စကားတို့က ရင်ထဲကို ထိမှန်စေမည့် စကားများ ဖြစ်ပါလိမ့်မည်။

ပြဿနာမှာ အဆိုပါ သတင်းထွက်ခဲ့ပြီးနောက် အတည်ပြုနိုင်မည့်သူ တာဝန်ခံဖြေရှင်းပေး နိုင်မည့်သူ မရှိခဲ့ခြင်းကြောင့်လည်း သို့လော သို့လောဖြစ်ကာ အငြိမ်းစားကြီးများ၏ မျှော်လင့်ချက်ကို ဆွဲဆံ့ ထားသကဲ့သို့ ဖြစ်သည်။ ရန်ကုန်တိုင်းအစိုးရထံ မီဒီယာများက ဆက်သွယ်မေးမြန်းခဲ့သော် လည်း မသိရှိဟုသာ ဖြေဆိုခဲ့ကြပြီး တိတိပပ အဖြေမရခြင်းကြောင့် အငြိမ်းစားတို့အတွက် ရှည်လျား သည့် အိမ်မက်တစ်ခုပမာ ဖြစ်လာခဲ့သည်။

ဘဝနေဝင်ချိန်ရောက်သော နှစ်အပိုင်းအခြား တစ်ခုမျှသာ လူ့ဘဝတွင် ဆက်လက် နေထိုင်ကြ ရတော့မည်ဖြစ်သော အငြိမ်းစားကြီးများသည် ထိုအိမ်မက်ကို မည်သည့်အတွက်ကြောင့် မက်နေကြပါ သနည်း။ ထိုအချက်သည် မြန်မာတို့အတွက် လူနေမှု အဆင့်အတန်းနှင့် ဆင်းရဲမွဲတေမှုကို မီးမောင်း ထိုးပြသည့် အလွန် စိတ်ထိခိုက်ဖွယ်ကောင်းသော ပြကွက်တစ်ကွက် ဖြစ်သည်။

မျှော်လင့်ချက်ဖြင့် လျှောက်လွှာတင်ခဲ့ကြသည့် အငြိမ်းစားကြီးတို့၏ အိမ်မက် မဖြစ်နိုင်ဟု အချိန်နှောင်းမှ နိုင်ငံပိုင် သတင်းစာများက တစ်ဆင့် အသိပေးလိုက်သောအခါ ကာယကံရှင်များ မည်သို့ ခံစားရမည်ကို သိရှိနားလည်နိုင်ပါလိမ့်မည်။ ဆိုးရွားလွန်းသည်မှာ ဖြစ်နိုင်မဖြစ်နိုင် စောစီးစွာ အဖြေမပေးဘဲ ရှောင်လွဲနေသည့် ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူများကို အပြစ်တင်ရမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စိတ်ထိခိုက်ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတို့၏ ပကတိ အခြေအနေကို ပြဆိုခဲ့ပြီး ဖြစ်သည်။ အငြိမ်းစားကြီးများ မြေပိုင်ရေးအိမ်မက် ဆက်မက်နိုင်ပါဦး မည်လား၊ မည်သူမျှ မသိနိုင်ပါ။ ဤကိစ္စတွင် မည်သူ တာဝန်ရှိပါသနည်း ဟူသည့် ထပ်ဆင့်မေးခွန်း ကိုလည်း ဖြေပေးရန် လိုအပ်လိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly