စစ်ကောင်စီခေါင်းဆောင် ကိုဗစ်ရောဂါကူးစက်ခံရ

စစ်ကောင်စီခေါင်းဆောင် ကိုဗစ်ရောဂါကူးစက်ခံရ

မတ်လ ၈ ရက်

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကိုဗစ်ရောဂါကူးစက်ခံနေရခြင်းကြောင့်  လူမြင်ကွင်းက ပျောက်ကွယ်နေခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များက မဇ္ဈိမသို့ပြောသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်  ကျောင်းဆောင်တော် ရတနာပန္နက်တော်တင် အခမ်းအနားတက်ရောက်ခဲ့ပြီးနောက် လူမြင်ကွင်းမှပျောက်သွားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ 

လူမြင်ကွင်းမှမပျောက်မီ ခါးနာဝေဒနာကိုခံစားနေခဲ့ရသည့် အသက် ၆၅ နှစ်အရွယ် စစ်ခေါင်းဆောင်သည် ကိုဗစ်ကူးစက်မှုဖြစ်၍ နေအိမ်တွင်ပင် ကွာရန်တင်းဝင်နေပြီး ရုံးလုပ်ငန်းများလုပ်ဆောင်ခြင်းမရှိဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

စစ်ခေါင်းဆောင်တွင် ခါးရိုးကင်ဆာဖြစ်သည်ဆိုသော ကောလာဟလများနှင့်ပတ်သက်၍ "လုံး၀မဟုတ် "ဟု သူက ပယ်ချလိုက်ပြီး ကျန်းမာရေးစိုးရိမ်စရာမရှိဟုဆိုသည်။

သို့သော် သူ၏ကျန်းမာရေးနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ခြင်းမပြုဘဲထားသည်။

အာဏာသိမ်းခေါင်းဆောင်သည် ကိုဗစ်-၁၉ ကူးစက်မှုအစောပိုင်းကာလကပင် ရုရှားနိုင်ငံမှလက်ဆောင်ပေးသော ကိုဗစ်ကာကွယ်ဆေးကိုထိုးထားပြီးသူဖြစ်ကာ Booster လည်းထိုးပြီးသားဖြစ်သည်ဟု သိရသည်။ သို့သော်လည်း လတ်တလောစစ်ဆေးသည့်အခါ Positive ဖြစ်နေပြန်သည်။

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးပြည်တွင်းကူးစက်မှုက အရှိန်အဟုန်မြင့်နေခဲ့ရာ နေပြည်တော်တွင်လည်း ကူးစက်မှုမြင့်မားပြီး အခြားသော စစ်ကောင်စီအဖွဲ့ဝင်အရာရှိများလည်း ကူးစက်မှုရှိခဲ့သည်ဟု သီးခြားသတင်းရင်းမြစ်များက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် မတ်လ ၁ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ အကြိမ် (၄၀) မြောက် အာဆီယံရဲတပ်ဖွဲ့ညီလာခံသို့သွားတက်ရာ ကိုဗစ်ရောဂါပိုးတွေ့ရှိသဖြင့် ကွာရန်တင်းဝင်ခဲ့ရသေးသည်။

အာဆီယံထိပ်သီးအစည်းအဝေးပွဲများတွင် စစ်ကောင်စီခေါင်းဆောင်ကိုတော့ တက်ရောက်ခွင့်မပြုဘဲထားသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးသာလျှင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လှည့်လည်သွားရောက်ပြီး လုပ်ငန်းတာဝန်များ လုပ်ဆောင်လျှက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required