တရုတ်-မြန်မာနယ်စပ် ဘိန်းခင်းများ တိုက်ဖျက်မည့်အဖွဲ့ ရဲတပ်ဖွဲ့လုံခြံုရေးယူပေးရန် အထက်အမိန့် စောင့်ဆိုင်းနေရ

တရုတ်-မြန်မာနယ်စပ် ဘိန်းခင်းများ တိုက်ဖျက်မည့်အဖွဲ့ ရဲတပ်ဖွဲ့လုံခြံုရေးယူပေးရန် အထက်အမိန့် စောင့်ဆိုင်းနေရ

ချင်းမိုင်၊ ဇန်နဝါရီ ၂၀ ။            ။ တရုတ်-မြန်မာနယ်စပ်ရှိ ဘိန်းခင်းများအား တိုက်ဖျက်ရန် ကချင်ပြည်သူလူထုများ ပါဝင်ဖွဲ့စည်းထားသော မူးဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ အင်အား ၁၀၀၀ ကျော်က ဇန်နဝါရီ  ၁၉ရက်တွင် ထွက်ခွာရန်ပြင်ဆင်ထားသော်လည်း ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးရန် ခွင့်ပြုချက်မရ၍ မထွက်ခွာနိုင်သေးကြောင်း မြစ်ကြီးနားမြို့နယ် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးတန်ဂွန်းက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ရှိ နှစ်ခြင်းခရစ်ယာန်အသင်းနှင့် ကက်သလစ်အသင်းတော် ဘုရားကျောင်းတို့တွင် ဘိန်းခင်းတိုက်ဖျက်မည့် ကချင်လူထု အင်အား ၁၀၀၀ ကျော်က အသင့်စုစည်းထားသော်လည်း ရဲတပ်ဖွဲ့က လုံခြုံရေး ယူပေးရန် အထက်အမိန့် စောင့်ဆိုင်းနေရခြင်းဖြစ်သည်။

ဝိုင်းမော်မြို့နယ် ဆဒုံးနှင့် ကန်ပိုင်တီဒေသများနှင့် တရုတ်-မြန်မာနယ်စပ်များရှိ ဘိန်းခင်းများ ဖျက်ဆီးရန် တက်လာသော လူထုအား တားဆီးပစ်ခတ်မည်ဟု ဒေသခံများမှ ပြောဆိုမှုများ ရှိလာသဖြင့် အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်ဟုလည်း ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

“ခွင့်မပြုဘူးဆိုတာက ကျနော်တို့လူထုတက်လာတဲ့လမ်းမှာ ချောင်းမြောင်း ပစ်ခတ်နိုင်တယ်ဆိုတဲ့ အခြေအနေ ဖြစ်လာနိုင်တယ် ဆိုပြီး မသွားသေးဘူး။ ကျနော်တို့က နဂိုကတည်းက လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိလို့ အစိုးရ ရဲတပ်ဖွဲ့ လုံခြုံရေးယူပေးမှ ကျနော်တို့ လုံခြုံမှုရမယ်ဆိုပြီး မြင်တယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ (ရဲမင်းကြီး)ကို အကြောင်းကြားတော့ သူတို့က အထက်ကို တင်ပြတယ်။ နယ်စပ်ဒေသဖြစ်တော့ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးနဲ့လည်း သက်ဆိုင်လာတယ်။ စစ်တပ်ပိုင်း အဆင့်ဆင့်ဆိုတော့ လူထုလည်းတက်လာတယ်ဆိုတော့ မဖြစ်သင့်တဲ့ ဆိုးကျိုးဖြစ်လာနိုင်တယ်။ မင်းတို့ကြီးပဲ မသွားသေးနဲ့လို့ နယ်စပ်ဒေသလုံခြုံရေးဝန်ကြီးကနေ ပြောတာ”ဟု သူက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်စပ်ဒေသလုံခြုံရေးဝန်ကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကလည်း ထိုသို့ နယ်စပ် ဒေသခံများ တားဆီးပစ်ခတ်မည်ဟု အကြောင်းကြားလာမှုများ ရှိသည်ဟု လုံခြုံရေးအရ ခေတ္တစောင့်ဆိုင်းရန် ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ဆောင်ရန်အတွက် သက်ဆိုင်ရာ အစိုးရ၏ တာဝန်ဖြစ်သလို၊ ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကလည်း ရပ်ဆိုင်းမည် မဟုတ်ကြောင်း သူက ဆိုသည်။

“ကျနော်တို့လည်း ဒီလိုဖြစ်လာပြီဆိုတော့ လူထုကို တားမြစ်ပစ်ခတ်မယ်ဆိုရင်တော့ စဉ်းစားစရာဖြစ်လာတယ်။ ဒါက တဖက်မှာ ဥပဒေကို ဆန့်ကျင်တဲ့အလုပ်ဖြစ်တယ်။ မူးယစ်ဆေးဝါး တားမြစ်တဲ့ လူတွေကို ဆန့်ကျင်မယ်ဆိုတော့ ကျွန်တော်တို့ လည်း ဒီလိုဖြစ်လာတာက အစိုးရအပေါ် တာဝန်ရှိတယ်၊ သူတို့က ခဏလေးစောင့်ပါဦးလို့ပြောလို့ စောင့်မှာပဲ”ဟု ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်က ကချင်ပြည်နယ် တနိုင်းဒေသရှိ ဘိန်းခင်းများ ဖျက်ဆီးနေစဉ် ဘိန်းစိုက်ခင်းပိုင်ရှင်မှ တိုမီးလက်နက်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၁၉ နှစ်အရွယ် လထော်ဂျိုးဇက် တူးဇိုင် သေဆုံးခဲ့သည်။

ကချင်လူထုမှ အခြေခံ၍ ဖွဲ့စည်းထားသော ကချင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့သည် ဇန်နဝါရီလ ၅ ရက်မှစတင်၍ ကချင်ပြည်နယ် ပူတာအို၊ ဆွမ်ပရာဘွမ်၊ တနိုင်ဒေသများရှိ ဘိန်းခင်း ဧကပေါင်းထောင်ချီ ဖျက်ဆီးနိုင်ခဲ့သည်။

ဆဒုံး၊ ကန်ပိုင်တီ၊ တရုတ်-မြန်မာနယ်စပ်ဒေသများရှိ ဘိန်းခင်းများ ဖျက်ဆီးရန်အတွက် မူလက ဇန်နဝါရီလ ၁၉ ရက်တွင် ထွက်ခွာရန် ရည်ရွယ်ထားသော်လည်း လုံခြုံရေးမကောင်းသဖြင့် အစိုးရ၏ ခွင့်ပြုချက် စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှ ၂၀၁၅ ခုနှစ်ကုန်ထိ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဘိန်းခင်း ဧကပေါင်း ၃၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထိုပြင် မူးယစ်ဆေးဝါး သုံးစွဲသူ အများအပြားကို ဘိန်းဖြတ်ပေးနိုင်ခဲ့သလို၊ မူးယစ်ဆေးဝါး ပပျောက်ရေး ပညာပေးမှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly