အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိသော်ငြား မြန်မာမှ သစ်တင်ပို့မှုများ ဆက်ရှိနေ

အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိသော်ငြား မြန်မာမှ သစ်တင်ပို့မှုများ ဆက်ရှိနေ
Photo - The Diplomat

မတ်လ ၈ ရက်

မြန်မာအာဏာသိမ်းစစ်အုပ်စုသည် နိုင်ငံပိုင်သစ်လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် နိုင်ငံများသို့ ကန်ဒေါ်လာ ၃၇ သန်းကျော် တန်ဖိုးရှိ သစ်များကို တင်ပို့ထားခဲ့ကြောင်း သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားမှုအဖွဲ့ Forest Trends ထံမှ သိရသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်အရ အဆိုပါ အမေရိကန်အခြေစိုက် အဖွဲ့အစည်းသည် ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုကို စစ်ဆေး ဆန်းစစ်ခဲ့ပြီး မြန်မာအာဏာသိမ်းစစ်အုပ်စု၏ သစ်နှင့် အခြား သဘာဝအရင်းအမြစ်များ ရောင်းချမှုများကနေ အကျိုးအမြတ် ရယူနိုင်စွမ်းကို ပိတ်ဆို့နိုင်ရေးအတွက် ယခုထက် ပိုမိုလုပ်ဆောင်သွားရန် လိုကြောင်း ပြောခဲ့သည်။

မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် အမေရိကန်၊ အီးယူ၊ ယူကေ နှင့် ကနေဒါ အပါအဝင် အနောက်နိုင်ငံများသည် အာဏာသိမ်းစစ်အုပ်စု၏ ဦးဆောင်အဖွဲ့ဝင်များအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ်ထားခဲ့သည်။ ထို့ပြင် သတ္တုတူးဖော်မှု၊ သစ်တော၊ ရေနံနှင့် ဓာတ်ငွေ့ ကဲ့သို့သော ကဏ္ဍများကနေ စစ်အုပ်စုအတွက် ဝင်ငွေ စုဆောင်းရရှိစေနိုင်မည့် စစ်တပ်ထိန်းချုပ်သော လုပ်ငန်းများကိုလည်း ၎င်းတို့က ပစ်မှတ်ထား ပိတ်ဆို့ခဲ့သည်။ အနောက်အုပ်စု၏ ပိတ်ဆို့မှုကြောင့် အထီးကျန်လာချိန် အဆိုပါ ကဏ္ဍအားလုံးသည် စစ်အုပ်စုအတွက် ပိုမို အရေးပါလာခဲ့သည်။

ပစ်မှတ်ထား ဒဏ်ခတ်မှုများထဲတွင် နိုင်ငံပိုင် မြန်မာ့သစ်လုပ်ငန်း (MTE) လည်း ပါဝင်ပြီး ယင်းသည် ပြည်ပတင်ပို့မှုအတွက် သစ်လုံးများကို ပုဂ္ဂလိကကုမ္ပဏီများသို့ လေလံတင်ရောင်းချခြင်း အပါအဝင် မြန်မာနိုင်ငံတွင် သစ်ရောင်းချမှုအပေါ် ထိန်းချုပ်ထားသည်။ ဒီမိုကရေစီ လိုလားသော ဆန္ဒပြမှုများကို အကြမ်းပတမ်း ဖိနှိပ်နေသည့် မြန်မာစစ်အုပ်စုအတွက် MTE သည် အဓိကကျသည့် စီးပွားရေး ရင်းမြစ်တစ်ခု ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီလ အတွင်း ဒဏ်ခတ်ပိတ်ဆို့မှုကို ကြေညာခဲ့စဉ် ပြောကြားခဲ့သည်။

Forest Trends ၏ အစီရင်ခံစာအရ ၂၀၂၁ ဖေဖေါ်ဝါရီလမှ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံမှ သစ် တင်ပို့ရောင်းချမှု တန်ဖိုး ဒေါ်လာ သန်း ၁၉၀ ကျော်အထိ ရှိခဲ့သည်ဟု သိရသည်။ ယင်းတို့အနက် ဒေါ်လာ ၃၇ သန်း တန်ဖိုးရှိ သစ်များသည် MTE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ အသက်ဝင်စွာ ရှိနေသည့် တရားစီရင်ပိုင်ခွင့်ရှိ နိုင်ငံများသို့ ရောက်ရှိပြီး ယင်းတွင် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဒေါ်လာ ၂၂ သန်း တန်ဖိုးရှိ သစ်များ ရောက်ရှိမှုလည်း ပါဝင်သည်။ ကျန်ရှိသည့် ဒေါ်လာ ၁၅၄ သန်း တန်ဖိုးရှိ မြန်မာသစ်များကို တရုတ်၊ အိန္ဒိယ ၊ ထိုင်း အပါအဝင် မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်း မရှိသည့် အိမ်နီးချင်းနိုင်ငံများက ဝယ်ယူတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းထက် ယင်း ဒဏ်ခတ်ပိတ်ဆို့မှုများကို ထိထိရောက်ရောက် လက်တွေ့ အကျိုးသက်ရောက်မှု ရှိစေရန် လုပ်ခြင်းက အတော်ပင် ပိုခက်ကြောင်း အစီရင်ခံစာ၏ တွေ့ရှိချက်များက ညွှန်ပြနေသည်။

အလားတူ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ပြီး မြန်မာနိုင်ငံကနေ ကျွန်းသစ်များကို အမေရိကန် ကုမ္ပဏီများ မည်ကဲ့သို့ ဆက်လက် တင်သွင်းနေသလဲ ဆိုသည်ကို ဖော်ပြထားသည့် အစီရင်ခံစာတစ်ရပ်ကိုလည်း ဇန်နဝါရီလက Justice for Myanmar (JFM) အဖွဲ့က ထုတ်ပြန်ထားခဲ့သည်။ JFM အဖွဲ့၏ တွေ့ရှိချက်အရ အမေရိကန် ကုမ္ပဏီများသည် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ ကျွန်းသစ် တန်ချိန် ၁,၆၀၀ နီးပါး တင်သွင်းထားခဲ့သည်ဟု ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required