သမ္မတကို နှုတ်ဆက်ကန်တော့သူများအား ညစာစားပွဲဖြင့် ပြန်လည်ဧည့်ခံမည်

သမ္မတကို နှုတ်ဆက်ကန်တော့သူများအား ညစာစားပွဲဖြင့် ပြန်လည်ဧည့်ခံမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ။           ။ မကြာမီသက်တမ်းကုန်ဆုံးတော့မည့် သမ္မတဦးသိန်းစိန်အား သွားရောက်ကန်တော့ကြမည် နိုင်ငံအနှံ့အပြားမှ လူငယ်များကို ညစာစားပွဲဖြင့် ပြန်လည်ဧည့်ခံမည်ဟု စီစဉ်သူ ကိုဥက္ကာရွှေဝင်းက မဇ္ဈိမသို့ ပြောကြားသည်။

ယနေ့ထိ သမ္မတအား နှုတ်ဆက်ကန်တော့လိုသူ နိုင်ငံအနှံ့မှ စာရင်းပေးထားသူ (၈၀၀) ဦးကျော် ရှိနေပြီး တစ်ထောင်ဦးထိ ရှိလာနိုင်ကာ ကန်တော့မည့်သူများမှာ ကိုယ့်စရိတ်ကိုယ်စားသွားပြီး အလှူငွေ လက်ခံမည်မဟုတ်ဟု ၎င်းကပြောသည်။

''သမ္မတရုံးက ဦးဇော်ဌေးနဲ့ မနေ့က သမ္မတကြီးကို ကန်တော့ဖို့ပြောပြတယ်။ ညနေ ငါးနာရီလောက်မှာ သမ္မတကြီးကလက်ခံပါတယ်တဲ့။ လာကန်တော့မယ့် ကလေးတွေကို ညစာစားပွဲစဉ်ပေးမယ်လို့ ပြောခဲ့တယ်။ မတ်လ ၂၀ ရက်မှာ ကန်တော့ဖို့စီစဉ်ထားပေမယ့် နည်းပညာကျောင်းက စာမေးပွဲရှိလို့ ရက်ရွှေ့ခိုင်းထားတယ်။'' ဟု ကိုဥက္ကာရွှေဝင်းက ပြောသည်။

အောင်ပန်းမြို့မှ လူငယ် ၂၀ ဦးကျော်အား ဦးဆောင်ကာ သမ္မတထံ သွားကန်တော့မည့် မအိအိအောင်က အလှူငွေလက်မခံသောကြောင့် ဒေသထွက် ရိုးရာလက်ဆောင်ပစ္စည်းသာ ယူသွားမည်ဟုဆိုသည်။

''သွားကန်တော့မယ်ဆိုတာ ဖေ့ဘုတ်ကနေစသိတာပါ၊ ကိုယ့်စာရိတ်နဲ့သွားမှာပါ။ ဝေဖန်ခံရတာတော့ရှိတယ်။ သမ္မတကိုလေးစားတာရယ် အပြင်မှာတစ်ခါမှမမြင်ဘူးတာကြောင့် သွားမှာပါ။ သူ့သက်တမ်းငါးနှစ်အတွင်းမှာ လုပ်ပေးခဲ့တာလည်း အများကြီးရှိတယ်။ သက်တမ်းကုန်တော့မှာဆိုတော့ နှုတ်ဆက်တဲ့သဘောပါ။'' ဟု ၎င်းက ပြောကြားသည်။

ရန်ကုန်၊ နေပြည်တော်၊ မန်းလေး၊ ဟင်္သာတ၊ မြဝတီ၊ ပဲခူး၊ မှော်ဘီ၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ မော်လမြိုင်၊ ကျွန်းလှ၊ ကွမ်လုံ၊ တောင်ငူ၊ ညောင်တုန်း၊ ဘားအံ၊ ကျောက်ဆည်၊ ပြည်၊ မူဆယ်၊ စစ်ကိုင်း၊ တံတားဦး၊ တောင်ကြီး၊ အောင်ပန်း၊ ပုသိမ်၊ ရေတာရှည်၊ ပျဉ်းမနား၊ မုံရွာ၊ မကွေး လားရှိုး၊ ဘိုးကလေး၊ ပေါက်၊ မိုးညို၊ မြိုင်၊ ရွှေဘို၊ ရပ်စောက်၊ တောင်သာ၊ မင်းဘူး၊ ရွှေတောင်၊ မြစ်သား၊ ရွှေညောင်စသည့်မြို့များမှ သွားရောက်ကန်တော့ရန် စာရင်းပေးထားပြီး ထပ်မံ၍အခြားမြို့များမှ လူငယ်များကိုလည်း ထပ်မံ ဖိတ်ခေါ် ထားသည်။

ကန်တော့မည့်လူများမှာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဓမ္မာရုံများတွင်တည်းခိုကြမည်ဖြစ်ပြီး သမ္မတမှာ အိမ်တော်မှပြောင်းရွှေ့သွားသောကြောင့် လူတစ်ထောင်ကျော်ဆံ့သည့် ခန်းမတစ်ခုတောင်း ဆိုမည်ဟု ကိုဥက္ကာရွှေဝင်းက ပြောသည်။

''ကန်တော့ချင်တဲ့သူလာပါ၊ မကန်တော့ချင်ရင်နေပေါ့၊ ဘာလို့အဲ့လိုလိုက်ပြောနေလဲစဉ်းစားလို့မရဘူး၊ အဲ့လို စိတ်ဓါတ်နဲ့ တိုင်းပြည်တည်ဆောက်ဖို့မပြောနဲ့ ရေနှုတ်မြောင်းတောင်ပေါင်းပြီးတူး လို့ရမှာမဟုတ်ဘူး။ ငယ်ငယ်ကကျောင်းမှာ ကျောင်းအုပ်ဆရာကြီးပြောင်းသွားရင် ကန်တော့ကြတဲ့သဘောပါဘဲ။'' ဟု ၎င်းကဆိုသည်။

ကန်တော့ရန်စီစဉ်မှုအပေါ် ဖေ့စ်ဘွတ်သုံးစွဲသူတစ်ဦးက ''ခင်ဗျား ဘာလဲတော့မသိဘူး.. ။ဒါပေမယ့် ပြည်သူအများစုရဲ့စိတ်ထဲမှာ နိုင်ငံဆင်းရဲမွဲတေ စုတ်ချာမှုအတွက် စစ်အစိုးရအရေခွံလဲ လက်ရှိ သမ္မတမှာ တာဝန်ရှိတယ်လို့ ယူဆထားတဲ့အချိန် စိတ်ရူးပေါက်ပြီး ကန်တော့ဖို့လုပ်တာတော့ စိတ်ထဲ မျက်စိ စပါးမွှေးစူးတယ်..'' ဟု ဝေဖန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly