ပြည်နယ်အစိုးရဖွဲ့စည်းရေးကိစ္စ အခြေခံဥပဒေအရသာ လုပ်ဆောင်မည်ဟု အင်အန်လ်ဒီတုံ့ပြန်

ပြည်နယ်အစိုးရဖွဲ့စည်းရေးကိစ္စ အခြေခံဥပဒေအရသာ လုပ်ဆောင်မည်ဟု အင်အန်လ်ဒီတုံ့ပြန်

ရန်ကုန်၊ ဇန်နဝါရီလ ၂၀ ။                ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ၂၀၀၈ ဖွဲ့စည်းပုံနှင့် အညီသာ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်တုန့်ပြန်ပြောကြား လိုက်သည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင်ဖွဲ့စည်းခွင့် မရပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် အတိုက်အခံပါတီအဖြစ် ရပ်တည်မည်ဖြစ်ကြောင်း ဇန်နဝါရီလ( ၁၉ရက်က ထုတ်ပြန်ခဲ့သည့် အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုကော်မတီဝင် ဦးထွန်ထွန်းဟိန်က ယခုကဲ့သို့ ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

"ငါတို့က ငါတို့ သဘောကျဖွဲ့လို့ရတာမဟုတ်ဘူးလေ။ ၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရပဲ ဖွဲ့လို့ရတာလေ။ ရခိုင်ပြည်နယ်မှာ အစိုးရဖွဲ့ရင် ဘယ်လိုဖွဲ့ရမလည်းဆိုတာ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ညွှန်ပြထားတာရှိတယ်။ အဲဒီအတိုင်း လိုက်နာပြီး ငါတို့က ဖွဲ့ရတာ။ ဘာဖြစ်လို့လည်းဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှ မပြင်သေးပဲနဲ့"ဟု ဦးထွန်းထွန်းဟိန်က ပြေသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက် ရွေးခြယ်ခွင့်ရရှိထားခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၅ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရခိုင်ပြည်နယ် အလုပ်မှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးညီပုနှင့် တွေ့ဆုံစဉ်တွင်လည်း ဦးညီပုက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သကပ်၍ ရခိုင်အမျိုးသားပါတီက ဇန်နဝါရီလ ၁၉ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၃)ဦး အနိုင်ရခဲ့သည့် ရခိုင်အမျိုးသားပါတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့်မရရှိပါက မည်သည့် အစိုးရအဖွဲ့တွင်မှ လုံးဝမပါဝင်ဘဲ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက် အတိုက်အခံပါတီအနေဖြင့် ရပ်တည်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ရခိုင်ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးဆွေးနွေးမည်ဆိုပါက  လက်ခံဆွေးနွေးသွားမည်ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။

ယင်းအချက်နှင့် ပတ်သက်၍ ဦးထွန်းထွန်းဟိန်က "ဆွေးနွေးတာက သူတို့က အခုမှပြောတာလေ။ ငါတို့က ချက်ချင်း သူတို့နဲ့ ဆွေးနွေးတယ်ဆိုတာက တစ်ဦးကောင်း တစ်ယောက်ချင်း သွားတွေ့လို့ရတာမှ မဟုတ်ဘဲ။ စီအီးစီ ဆုံးဖြတ်ချက်နဲ့မှ တွေ့လို့ရတာလေ"ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစဉ်တစိုက် ရပ်တည်ခဲ့သော ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုမူအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်အမျိုးသားပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှသာ ဖြစ်ရမည်ဟုရပ်တည်ဆုံးဖြတ်ထားကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းမည်ဆိုသည့် တင်ပြချက်မှ ပါတီနှစ်ခုအကြား ဒီမိုကရေစီအသွင်  ကူး ပြောင်းရေးကို သိမ်မွေ့စွာလျောက်လှမ်းရမည့် လမ်းကြောင်းကို အဟန့်အထား ဖြစ်နိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly