တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဆုံးရှုံးမှု ဒေါ်လာ ၅၅၀ ဘီလီယံရှိ

တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် ဆုံးရှုံးမှု ဒေါ်လာ ၅၅၀ ဘီလီယံရှိ

စီးပွားရေး နှေးကွေးနေချိန်တွင် အမေရိကန်နှင့် ဖြစ်ပွားသည့် ၄ နှစ်ကြာ ကုန်သွယ်ရေးစစ်ပွဲကြောင့် သွင်းကုန်မှ အခွန်ကောက်ခံမှုတွင် ဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံရှိခဲ့ရာတွင် အများစုသည် တရုတ်အစိုးရကို ထိခိုက်မှု ဖြစ်ခဲ့ကြောင်း The Hong Kong Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်၏ စီးပွားရေး နှေးကွေးမှုနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ သက်ရောက်မှုတို့နှင့်အတူ ကုန်သွယ်ရေး စစ်ပွဲ ကြောင့် ကမ္ဘာ့ဘဏ်က ကမ္ဘာ့စီးပွားရေး သိသာထင်ရှားစွာ နှေးကွေးမည့်အပြင် အမေရိကန်နှင့် တရုတ် စီးပွားရေးတိုးတက်မှုလည်း လျော့ကျမည်ဟု ခန့်မှန်းခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

“အမေရိကန်နဲ့ စပ်လျဉ်းတဲ့ တရုတ်ရဲ့ ကုန်သွယ်ရေးမူဝါဒက အခြားအရာတွေထက် တုံ့ပြန်မှုပိုများခဲ့ပြီး တီထွင်ကြံဆတာထက် ပါးကိုက်ရင် နားကိုက်မယ်ဆိုတဲ့ သဘောပြောင်းလဲလာတာတွေ့ရပါတယ်” ဟု စင်္ကာပူရှိ ISEAS-YusofIshakအင်စတီကျူ၏ ဒေသဆိုင်ရာ စီးပွားရေးလေ့လာရေး အစီအစဉ်၏ အကြီးတန်းပညာရှင် ဂျေးအန် မီနွန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အမေရိကန်၏ ဩဇာလွှမ်းမိုးမှုနယ်ပယ်တွင် လုပ်ကိုင်နေသည်ဟု ယူဆထားသည့် အခြားနိုင်ငံများမှ သွင်းကုန်များကိုလည်း ပစ်မှတ်ထားခဲ့သည်။

တရုတ်ပို့ကုန်များသည် သြစတြေးလျမှ ကျောက်မီးသွေး၊ သကြား၊ မုယောစပါး၊ ပုဇွန်၊ ဝိုင်၊ ကြေးနီနှင့် သစ်လုံး များ တင်သွင်းခြင်းကို ၂၀၂၀ပြည့်နှစ်ကတည်းက ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

နောင်တရစရာ ကိစ္စရပ်ဟု တရုတ်က ဖော်ပြခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက သံမဏိတင်သွင်းမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ချမှတ်ထားသော ပြည်တွင်း ဈေးကွက်ကာကွယ်ရေးဆိုင်ရာ စွဲချက်များနှင့် ပတ်သက်၍ ဂျပန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တရားဝင် တိုင်ကြားချက်တစ်ခု တင်သွင်းခဲ့ကြောင်း သတင်း တွင် ဖော်ပြထားသည်။

တရုတ်က ယင်းနိုင်ငံများမှ ကုန်ပစ္စည်းတင်သွင်းမှုကို ကန့်သတ်ထားသော်လည်း တရုတ်ပစ္စည်းများကို သြစတြေးလျ၊ ဂျပန်နှင့် အမေရိကန်သို့ ၂၀၂၁ခုနှစ်တွင် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆၄၈ ဒသမ ၇ ဘီလီယံဖိုးရှိကြောင်း သတင်းက ဆိုပြီး ၂၀၂၁ခုနှစ်တွင် တရုတ်က စတင်ဝင်ရောက်ခဲ့သည့် ကမ္ဘာ့အကြီး ဆုံးလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီ ချက်ဖြစ်သည့် ဒေသဆိုင်ရာ လွှမ်းခြုံသော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (RCEP) ကြောင့် အများအပြားတင်ပို့နိုင်ခြင်းဖြစ်ကြောင်း ထပ်လောင်းဆိုသည်။

ကုန်သွယ်ရေးစစ်ပွဲ၏ သက်ရောက်မှုနှင့် စီးပွားရေးနှေးကွေးမှုကို ထေမိရန်အတွက် တရုတ်သည် လွတ်လပ် သော ကုန်သွယ်မှုသဘောတူညီချက်များနှင့် နိုင်ငံတကာဈေးကွက်များကို ကြိးကိုင်ခြယ်လှယ်ရန် ကြိုးပမ်း မည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly