ပုသိမ်ကြီး မြို့နယ် ကျွဲနဖားကျေးရွာ၌ ရဲဝန်ထမ်းပြုတ် ပစ်သတ်ခံရ

ပုသိမ်ကြီး မြို့နယ် ကျွဲနဖားကျေးရွာ၌ ရဲဝန်ထမ်းပြုတ် ပစ်သတ်ခံရ

မတ်လ ၇ ရက်

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် ကျွဲနဖားကျေးရွာ၌ ရဲဝန်ထမ်းပြုတ် တစ်ဦး ယနေ့ မတ်လ ၇ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရသည်။ 

ပစ်သတ် ခံရသူမှာ ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးခြံ ရွာနေ အသက် ၄ဝ ကျော်အရွယ် ဦးတိုးကြိုင် (ခ) တိုးကြီး ဖြစ်ပြီး မန္တလေး- ပြင်ဦးလွင် လမ်းမပေါ် ရွှေစာရံ ကျေးရွာအုပ်စု၊ ကျွဲနဖားကျေးရွာရှိ လက်ဖက်ရည်ဆိုင်၌ ထိုင်နေချိန် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။

“သူက အရင်က ရဲရာထူးပြုတ်ပြီး စစ်ကောင်စီလက်ထက်မှာ ဒလန် ပြန်လုပ်နေတာပါ။ ကျွန်တော်တို့ လွှတ်ထားတဲ့ တော်လှန်ရေး လုပ်နေသူတွေ လုပ်သွားတာပါ။ ဟိုတစ်လောက ကျွဲနဖားနဲ့ ကျောက်ချောရွာက အပြစ်မဲ့ ရွာသူရွာသားတွေ သူ့စနက်ကြောင့် နှိပ်စက် ဖမ်းဆီး ခံခဲ့ရဖူးလို့ပါ ” ဟု ယခု လုပ်ဆောင်မှုနှင့် ဆက်စပ်၍ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် တစ်ဦးက  ပြောသည်။

ဦးခေါင်း ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားသည့် ဦးတိုးကြိုင် (ခ) တိုးကြီး၏ ရုပ်အလောင်းကို လူနာတင်ယာဉ်ဖြင့် သယ်ဆောင် သွားကြောင်းနှင့် အခင်း ဖြစ်ပွားရာ နေရာတွင် စစ်ကောင်စီ တပ်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly