ထိုင်းတွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေစဉ် ‘လူဦးရေ အကျပ်အတည်း’ ကို ရှောင်လွှဲနိုင်ရေး အာဏာပိုင်များ ကြိုးပမ်း

ထိုင်းတွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေစဉ် ‘လူဦးရေ အကျပ်အတည်း’ ကို ရှောင်လွှဲနိုင်ရေး အာဏာပိုင်များ ကြိုးပမ်း

မတ် ၇

ထိုင်းအစိုးရသည် နိုင်ငံတွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေမှုကို ရပ်တန့်စေရန်အတွက် နိုင်ငံသားပြည်သူများ ကလေးများများ ယူစေရေး တိုက်တွန်းအားပေးရန် ကြိုးပမ်းလျက် ရှိပြီး ကလေးမိဘများအတွက် ကလေးပြုစုစောင့်ရှောက်ရေး စင်တာများနှင့် fertility centre (သားသမီးရရန် ခက်ခဲနေသူများကို ကလေးရနိုင်ရန် ကုသပေးသည့် စင်တာ) များ ဖွင့်လှစ်ခြင်း၊ မိသားစုဘဝ၏ ပျော်ရွှင်သုခကို ပြသရန် ဆိုရှယ်မီဒီယာ influencer များဖြင့် လက်တွဲလုပ်ကိုင်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၃ ခုနှစ်နောက်ပိုင်း ကလေးမွေးဖွားနှုန်းသည် သုံးပုံ တစ်ပုံနီးပါး ကျဆင်းထားခဲ့စဉ် ယခု ကမ်ပိန်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယမန်နှစ်က ယင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးဦးရေသည် ၅၄၄,၀၀၀ ဖြစ်ပြီး ယင်းသည် ဆယ်စုနှစ် ခြောက်ခုထက်မနည်းကာလအတွင်း အနိမ့်ဆုံး နှုန်း ဖြစ်သလို ယမန်နှစ်အတွင်း နိုင်ငံတွင် သေဆုံးသူဦးရေ ၅၆၃,၀၀၀ နှင့်ယှဉ်ပါကလည်း လျော့နည်းနေသည်။ ယမန်နှစ်က ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်သည့် သေဆုံးမှုများကြောင့်လည်း သေဆုံးသူဦးရေ ပမာဏ တိုးခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဒီမိုဂရပ်ဖစ် လမ်းကြောင်းသည် ဂျပန် သို့မဟုတ် စင်္ကာပူ ကဲ့သို့ အခြားသော အာရှနိုင်ငံများနှင့် အလားတူသည် ဆိုသော်လည်း ဈေးပေါသည့် လုပ်သားနှင့် တိုးလာသော အလယ်အလတ် လူတန်းစားတစ်ရပ်အပေါ် မှီခိုနေသည့် ထွန်းသစ်စ ဈေးကွက်တစ်ခုအနေဖြင့် အဆိုပါ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံအပေါ် ဂယက်ရိုက်ခတ်မှုများက အတော်ပင် ပိုမို ကြီးလေးနေသည်။

“ဒေတာ အချက်အလက်တွေက လူဦးရေဆိုင်ရာ အကျပ်အတည်းတစ်ခုကို ထင်ဟပ်ပြသနေတယ်။ ကလေးယူတာနဲ့ ပတ်သက်ပြီး ထားတဲ့ အမြင်အတွေးအခေါ်ပိုင်းကလည်း ပြောင်းလဲထားခဲ့တယ်” ဟု သမာဆက် တက္ကသိုလ်မှ ဒီမိုဂရပ်ဖီ ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် တီးရာ ဆင်ဒီချာရတ်က ပြောသည်။

ကြားဝင် ပါဝင်ဆောင်ရွက်ရန် လိုအပ်သည် ဆိုသည်ကို အစိုးရဘက်က လက်ခံထားကြောင်း အကြီးတန်း ကျန်းမာရေး အရာရှိ ဆူဝမ်နာချိုင် ဝတ်တာနာယင်ချာရွန်ချိုင်က ရိုက်တာကို ပြောသည်။

“ကလေး မွေးနှုန်း ကျဆင်းမှုကို နှေးကွေးသွားစေဖို့ မိမိတို့ ကြိုးပမ်းနေတယ်။ ကလေးယူဖို့ အသင့်ရှိတဲ့ မိသားစုတွေကို စည်းရုံးသိမ်းသွင်းရင်းနဲ့ ဒီ လားရာကို မြန်မြန်ဆန်ဆန် ပြောင်းပြန်လှစ်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောသည်။ မွေးကင်းစကလေးများ အစိုးရထံမှ အပြည့်အဝ ထောက်ပံ့မှုကို ရရှိစေရန် အလို့ငှာ မူဝါဒများ မိတ်ဆက်မည့် အစီအစဉ်များနှင့်ပတ်သက်ပြီး ၎င်းက ထုတ်ဖော်သွားခဲ့သည်။

အစီအစဉ်များထဲတွင် လက်ရှိ ဘန်ကောက်နှင့် အခြား အဓိကမြို့ကြီးများတွင် ရှိနေသည့် fertility centres များကို ပြည်နယ် ၇၆ ခု ၌ ဖွင့်လှစ်ခြင်း၊ ဆိုရှယ်မီဒီယာ influencer များကို အသုံးချပြီး သတင်းစကားမက်ဆေ့ချ်ကို ပိုမို ကျယ်ပြန့်စေရန် လုပ်ဆောင်ခြင်း တို့ ပါဝင်ကြောင်း အရာရှိများက ပြောသည်။

ထိုကဲ့သို့သော မူဝါဒများက အသက် ၄၄ နှစ်အရွယ် ချင်သာသစ်ပ် နန်တာဗောင်း ကဲ့သို့သော လူမျိုးအတွက် အတော်ပင် နောက်ကျနေကောင်း နေနိုင်သည်။ နန်တာဗောင်းသည် ပြီးခဲ့သည့် ၁၄ နှစ်ကြာအတွင်းက ကလေးမယူရန် သူမ၏ အိမ်ထောင်ဖက်နှင့်အတူ ဆုံးဖြတ်ထားခဲ့သူ ဖြစ်သည်။

“ကလေးတစ်ယောက် ပြုစုပျိုးထောင်ရတာ စရိတ်စကက တော်တော် ကြီးပါတယ်။ သူငယ်တန်းကျောင်းအတွက် နှစ်ဝက်စာသင်ကာလတစ်ခုအတွက် ကုန်ကျငွေက ဘတ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ အထိ (ဒေါ်လာ ၁,၅၂၀ မှ ၁,၈၅၀ အထိ) ရှိသလို အဲဒါပြီးရင် နောက်ပိုင်းမှာ ကုန်ကျမှုက ဘတ်သန်းချီအထိ ရှိပါတယ်” ဟု သူမက ပြောသည်။ အခြားသော နိုင်ငံများတွင် ဆိုလျင် ပိုမိုကောင်းမွန်သော ပြုစုစောင့်ရှောက်ရေး အထောက်အပံ့ အစီအစဉ်များနှင့် လူမှုဘဝ ဖူလုံရေး မူဝါဒများ ရှိသည်ဟု သူမက ပြောသည်။

ဒေသ၌ မျိုးအောင်/မျိုးပွားမှုနှုန်း နိမ့်ကျမှုနှင့် ရင်ဆိုင်နေရသည်က ထိုင်း တစ်နိုင်ငံတည်းတော့ မဟုတ်ပေ။ သို့သော် နိုင်ငံ စီးပွားရေးများကို ထောက်ကူရန် ရွှေ့ပြောင်းလုပ်သားများကို မဖြစ်မနေ မှီခိုထားခဲ့ရသည့် ဖွံ့ဖြိုးပြီးနိုင်ငံအချို့နှင့် ယှဉ်ပါက ထိုင်းသည် ကြွယ်ဝမှု လျော့နည်းနေသည်။

လက်ရှိအချိန်တွင် ကြွေးမြီ တိုးလာမှု၊ သက်ကြီး ပြုစုစောင့်ရှောက်မှုနှင့်ပတ်သက်သည့် စိုးရိမ်စိတ်များက ကလေးယူမှုအပေါ် ထားသည့် သဘောထားများအပေါ် လွှမ်းမိုးနေပြီး လူမှုဆိုင်ရာ အခြေအနေများ ပြောင်းလဲထားခဲ့သည့် အခြေအနေတစ်ရပ်ကို ပြောင်းပြန်လှန်ပစ်ရန် ခက်ခဲကြောင်း ကျွမ်းကျင်သူများက ပြောသည်။

အသက် ၆၀ နှစ်အထက် လူဦးရေက နိုင်ငံ၏ စုစုပေါင်းလူဦးရေ၏ ငါးပုံတစ်ပုံကျော်အဖြစ် ရှိနေမည့် “super-aged society” တစ်ခု ဖြစ်လာရန် ထိုင်းနိုင်ငံသည်လည်း ဦးတည်နေပြီ ဖြစ်ကြောင်း ပညာရှင်တစ်ဦးဖြစ်သည့် တီးရာက ပြောသည်။ လက်ရှိ ထိုင်းလူဦးရေ၏ ၁၈ ရာခိုင်နှုန်းခန့်သည် အသက် ၆၀ နှစ်အထက် အသက်အပိုင်းအခြား ရှိသူများဖြစ်သည်။

အလုပ်လုပ်သည့် အသက်အပိုင်းအခြားအရွယ်ရှိသူ ဦးရေနှင့် သက်ကြီးလူဦးရေ အချိုးအစားသည် ယမန်နှစ်က ၃.၄ ဖြစ်ခဲ့သည် ဆိုသော်လည်း လာမည့် ၂၀၄၀ တွင် ယင်းအချိုးက ၁.၇ ဖြစ်သွားနိုင်သည်ဟု တာဝန်ရှိသူများက ခန့်မှန်းသည်။

“ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ထုတ်လုပ်မှု ကျဆင်းမှုနဲ့ ကြုံရပါလိမ့်မယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ကျွမ်းကျင်လုပ်သားတွေ တိုးပွားလာအောင် လုပ်ရမှာဖြစ်သလို အလိုအလျောက် နည်းပညာတွေ အသုံးချမှုကိုလည်း လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု အစိုးရ စီမံကိန်းရေးဆွဲမှု အေဂျင်စီ၏ အကြီးအကဲ ဒန်နုချာ ပီချာယာနန်က မကြာသေးခင်က စီးပွားရေးဖိုရမ်တစ်ခုတွင် ပြောသည်။ ထိုင်းသည် မော်တော်ကားနှင့် အီလက်ထရောနစ် ပစ္စည်းများအတွက် အဓိကကျသော ဒေသဆိုင်ရာ ထုတ်လုပ်မှု နေရာတစ်ခုဖြစ်သည်။

ဒီမိုဂရပ်ဖစ် လားရာက အစိုးရ၏ ဘဏ္ဍာငွေကြေးများအပေါ် ဝန်ပိစေနိုင်သည်ဟု ဒန်နုချာက မှတ်ချက်ပြုခဲ့သည်။ အလားတူ သက်ကြီးများအတွက် လူမှုဖူလုံ သက်သာချောင်ချိရေး အထောက်အပံ့သည် လစဉ် ထောက်ပံ့မှု ဘတ်ငွေ ၆၀၀ ကနေ ၁,၀၀၀ အထိနှင့်အတူ ယနေ့ အချိန်ကာလတွင် လုံလောက်သည်ဟု ဆို၍ မရကြောင်း ကျွမ်းကျင်သူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly