ယူကရိန်း၌ လူသားချင်းစာနာမှု စင်္ကြံလမ်းကြောင်းများ ဖွင့်မည်ဟု ရုရှ ပြော

ယူကရိန်း၌ လူသားချင်းစာနာမှု စင်္ကြံလမ်းကြောင်းများ ဖွင့်မည်ဟု ရုရှ ပြော
Photo - AFP

မတ် ၇

ကိယက်ဗ် မြို့တော်နှင့် ဆိပ်ကမ်းမြို့ မာရီပိုလ် အပါအဝင် ပြင်းထန်တိုက်ပွဲများနှင့် တွေ့ကြုံနေသည့် ယူကရိန်း မြို့ကြီးတချို့ကနေ အရပ်သားများကို ဘေးကင်းရာ ကယ်ထုတ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်နိုင်စေရန်အတွက် လူသားချင်းစာနာထောက်ထားမှု စင်္ကြံ လမ်းကြောင်းများ ဖွင့်လှစ်မည်ဟု ရုရှက မတ်လ ၇ ရက်တွင် ပြောကြားလိုက်သည်။

“လူသားချင်းစာနာထောက်ထားမှု ရည်ရွယ်ချက်တွေအတွက် ရုရှ တပ်တွေဟာ မတ်လ ၇ ရက် မနက် ၁၀ နာရီကနေစပြီး တိတ်ဆိတ်ငြိမ်သက်မှု စနစ်တစ်ခုနဲ့ လူသားချင်းစာနာမှု စင်္ကြံဖွင့်လှစ်မှုတို့ကို ကြေညာချက် ထုတ်နေပါပြီ” ဟု ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

မြို့တော် ကိယက်ဗ် အပြင်၊ မာရီပိုလ်၊ ခါကိဗ် နှင့် ဆမ်မီ တို့မှ ကယ်ထုတ်ရွှေ့ပြောင်းပေးမှု လမ်းကြောင်းများကို ယင်းက စာရင်းဖော်ပြထားသည်။ အားလုံးသည် မကြာသေးသော ရက်များအတွင်း ရုရှ၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ရင်ဆိုင်ထားခဲ့ရသည့် နေရာများဖြစ်သည်။

ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်က ရုရှသမ္မတ ဗလာဒီမာ ပူတင်ထံ “ကိုယ်တိုင်ကိုယ်ကျ ပန်ကြားမှု” တစ်ခု ပြုလုပ်ခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်ဟု မော်စကိုက ပြောသည်။

ပြင်သစ် သမ္မတနှင့် ရုရှ သမ္မတ တို့သည် တနင်္ဂနွေနေ့က ဆက်သွယ်စကားပြောဆိုခဲ့ပြီး ယင်းသည် ဖေဖေါ်ဝါရီ ၂၄ ရက်က ရုရှတို့ ယူကရိန်းကို ကျူးကျော်ပြီးနောက် ၎င်းတို့အကြား လေးကြိမ်မြောက် ဆွေးနွေးပြောဆိုမှုလည်း ဖြစ်သည်။

လူသားချင်းစာနာမှု စင်္ကြံများ ဖွင့်လှစ်မှု နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ ၊ ဥရောပဒေသတွင်း လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE နှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများထံ အကြောင်းကြားထားပြီး ဖြစ်ကြောင်း ရုရှက ပြောခဲ့သလို ကယ်ထုတ်ရွှေ့ပြောင်းမှုဆိုင်ရာ သတ်မှတ်ချက်အားလုံးကို တစ်သဝေမတိမ်း ဖြည့်ဆည်းပေးရေးအတွက် ယူကရိန်းကို ရုရှက တောင်းဆိုခဲ့သည်။

“ကိယက်ဗ် အာဏာပိုင်တွေအပြင် အထက်ဖော်ပြပါ မြို့ကြီးတွေရဲ့ ခေါင်းဆောင်ပိုင်းတွေဘက်က ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ ရှိဖို့ မိမိတို့ မျှော်လင့်တယ်” ဟု မော်စကိုက ပြောခဲ့သည်။

ရုရှစစ်တပ်သည် တနင်္လာနေ့က ယူကရိန်းမြို့ကြီးများကို ကြည်း၊ ရေ၊ လေ တို့မှ အဆက်မပြတ် တိုက်ခိုက်ခဲ့သလို မြို့တော် ကိယက်ဗ်ကိုလည်း တိုက်ခိုက်မှုတစ်ခု လုပ်ရန် ပြင်ဆင်နေကြောင်း သတိပေးခဲ့သည်။

အတောမသတ်သည့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူပေါင်း တစ်သန်းခွဲကျော်သည် ယူကရိန်း နယ်စပ်များကို ဖြတ်ပြီး ဒုက္ခသည်များအဖြစ် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသည်။ သို့သော် ရုရှ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ရှိနေသည့် မြို့ကြီးများတွင် ပိတ်မိနေသည့် သို့မဟုတ် ပြည်တွင်း၌ နေရပ်စွန့်ခွာနေကြရသည့် အခြားလူအများအပြားလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required