တောင်ငူကွင်းကို အိမ်ကွင်းအဖြစ် ယာယီငှားရမ်းအသုံးပြုရန် ဟံသာဝတီအသင်းစီစဉ်

တောင်ငူကွင်းကို အိမ်ကွင်းအဖြစ် ယာယီငှားရမ်းအသုံးပြုရန် ဟံသာဝတီအသင်းစီစဉ်
ပဲခူးမြို့ တိုင်းအားကစားကွင်း၌ ဟံသာဝတီအသင်း ကစားသမားများ လေ့ကျင့်မှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-HUFC)

ဇန်နဝါရီ ၂၀၊ ရန်ကုန်။          ။ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ရာသီဝက်တွင် အိမ်ကွင်းအဖြစ် တောင်ငူကွင်းကို ယာယီငှားရမ်းအသုံးပြုရန် စီစဉ်လျက်ရှိသည် ဟု အသင်းမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် မူလက အိမ်ကွင်းအဖြစသုံးရန် ပဲခူးမြို့ရှိ ပဲခူးတိုင်းအားကစားကွင်းကို ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း မြက်ခင်းပြင်ဆင်မှုသာ ပြီးစီးပြီး ပွဲကြည့်စင်နှင့် အဆောက်အဦးအချို့ မပြီးသေးသောကြောင့် တောင်ငူကွင်းကို ယာယီအိမ်ကွင်းအဖြစ် အသုံးပြုရန် စီစဉ်ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ အသင်းအနေနဲ့ လာမယ့် ဒု-အကျော့မှာ တောင်ငူကွင်းကို အိမ်ကွင်းသုံးဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် ယာယီပါပဲ။ ပဲခူးကွင်းကို ပြင်ဆင်နေတာ မပြီးသေးတဲ့အတွက် တောင်ငူကွင်းကို ခဏငှားသုံးမှာပါ။ ပဲခူးကွင်းက မြက်ခင်းတွေ အဆင်သင့် ဖြစ်နေပေမယ့် ပွဲကြည့်စင်နဲ့ ကစားသမားနားနေဖို့ အဆောက်အဦးတွေ မပြီးသေးလို့ပါ။ လာမယ့်ရာသီမှာ အပြီးလုပ်ဖို့တော့ အမြန် စီစဉ်နေပါတယ်။ တောင်ငူကွင်းကတော့ သွားကြည့်တာ အားလုံးအဆင်ပြေပါတယ်။ အသေးစားပြင်ဆင်မှုလောက်ပဲ လုပ်ရမှာပါ ” ဟု ဦးထွန်းထွန်းလင်းက ဟံသာဝတီအသင်းအိမ်ကွင်းနှင့် ပတ်သက်၍ ပြောသည်။

၂၀၁၆ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများကျင်းပရာ၌ အိမ်ကွင်းအဖြစ် သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ရန်ကုန်မြက်ခင်းတုကွင်း၊ ဗထူးကွင်း၊ တောင်ကြီးကွင်း၊ မုံရွာကွင်း၊ ပုသိမ်ကွင်း တို့ကိုသာ အသုံးပြုနိုင်သေးသည်။  ဟံသာဝတီယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်အဖွင့်ပွဲစဉ် နှစ်ပွဲကစားပြီးချိန်၌ တစ်ပွဲနိုင် တစ်ပွဲသရေ အနိုင်ရထားကာ ရမှတ် လေးမှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၄ နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly