နေရာအချို့တွင် ၂၄ နာရီ လျှပ်စစ်မီးဖြတ်မည်ဟု စစ်ကောင်စီထုတ်ပြန်

နေရာအချို့တွင် ၂၄ နာရီ လျှပ်စစ်မီးဖြတ်မည်ဟု စစ်ကောင်စီထုတ်ပြန်

မတ် ၇

မြန်မာနိုင်ငံ နေရာအချို့တွင် မတ်လ ၁၂ ရက်မှ ၁၈ရက်အထိ တစ်ပတ်ကြာ ၂၄ နာရီ လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ကြောင်း မတ်လ ၆ ရက် ရက်စွဲဖြင့် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုရက်များတွင် ရွှေကမ်းလွန်သဘာဝဓာတ်ငွေစီမံကိန်းမှ အသစ်တူးဖော်ရရှိသည့် တွင်းသစ် နှစ်တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းများအတွင်း ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည့်အတွက် ရွှေသဘာဝဓာတ်ငွေ့မှ ဓာတ်အား ၃၃၄ မဂ္ဂါဝပ်ခန့်သာ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မည်ဟု ဆိုသည်။

စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းများဖြစ်သည့် ရတနာ၊ ဇောတိက၊ ရွှေကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ များကို အသုံးပြု၍ ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ်ကို ဖြန့်ဖြူးပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှု ၄၂၀၀ မဂ္ဂါဝပ်ခန့်ရှိသော်လည်း LNG ဓာတ်အားပေးစက်ရုံများတွင် ဓာတ်ငွေ့စျေးနှုန်းမြင့်တက်နေခြင်းကြောင်း ရပ်တန့်ထားရပြီး ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်း သုံးလိုင်းမှာလည်း ဖောက်ခွဲဖျက်ဆီးထားသဖြင့် ဓာတ်အားပြတ်တောက်လျက်ရှိပြီး နေရာအနှံ့ကို အလှည့်ကျဓာတ်အားဖြန့်ဖြူးပေးနေရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံ နေရာအများစုတွင် လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်စွာ ဖြစ်ပွားနေပြီး ပြည်သူများအနေဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်နေသည်။

#Mizzima

#လျှပ်စစ်မီး

#လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

#သဘာဝဓာတ်ငွေ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required