ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံနေရသည့် ပါကစ္စတန်သံရုံးများ ငွေပေးချေရေးအတွက် အခက်အခဲ ဖြစ်နေ

ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံနေရသည့် ပါကစ္စတန်သံရုံးများ ငွေပေးချေရေးအတွက် အခက်အခဲ ဖြစ်နေ

ပါကစ္စတန်နိုင်ငံ၏ ယိုယွင်းဆိုးရွားလာနေသော စီးပွားရေးအခြေအနေများက ပြည်ပနိုင်ငံများ၊ အထူးသဖြင့် ဥရောပနှင့် အမေရိကန်ရှိ ယင်း၏ သံရုံးများအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်နေပြီး လက်ရှိအချိန်တွင် ပြည်ပရှိ ပါကစ္စတန်သံရုံးများသည် ၎င်းတို့၏ ဝန်ထမ်းလစာများနှင့် ဝန်ဆောင်မှု ထောက်ပံ့မှုလုပ်ငန်းများထံ ပေးရမည့် ငွေကြေးများကို ကျေလည်အောင် ပေးနိုင်ရန် အခက်တွေ့လျက် ရှိသည်။

ဖြစ်စဉ်တစ်ခုတွင် ရောမမြို့ရှိ ပါကစ္စတန်သံရုံးသည် မကြာသေးခင်က တယ်လီဖုန်းအခွန်အခများ မပေးဆောင်နိုင်မှုအတွက် တရားစွဲဆိုခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ သံရုံးသည် ယူရို ၁၁,၃၀၀ ပမာဏရှိ ငွေတောင်းခံလွှာများကို အကျေအလည် ပေးဆောင်ခြင်း မရှိသည့်အတွက် တယ်လီဖုန်း အော်ပရေတာ တစ်ခုဖြစ်သည့် Vodafone ကုမ္ပဏီ၏ တရားစွဲခြင်းကို ခံထားရသည်။

ကုမ္ပဏီသည် အရပ်ဘက်ပြည်သူ့တရားရုံးတစ်ခု၌ ပါကစ္စတန်သံရုံးကို တိုင်တန်းတရားစွဲဆိုထားပြီး ငွေတောင်းခံလွှာများ ပေးဆောင်ခြင်း မရှိမှုအပြင် နောက်ကျကြေး၊ ပါကစ္စတန်သံရုံး သို့မဟုတ် ဝန်ထမ်းများ ဘက်မှ မပေးသေးသော ငွေကြေးများနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာ စရိတ်စကများအတွက် နစ်နာကြေး ရရန် ကြိုးပမ်းနေကြောင်း Al Arabiya က ဖော်ပြသည်။

အငြင်းပွားမှုကို ပြေလည်စေရန်အလို့ငှာ ယခုကိစ္စတွင် ပုံမှန်ပေးရမည့်ထက် လျော့နည်းသော ပမာဏတစ်ခုသာ ပေးဆောင်ရန် သံရုံးဘက်ကို တယ်လီကွန်း ဝန်ဆောင်မှုလုပ်ငန်းက တောင်းဆိုထားကြောင်း သိရသည်။ သို့သော် ပါကစ္စတန်သံရုံး၌ ရန်ပုံငွေ မရှိမှုကြောင့် ယင်းကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိအချိန်တွင် ပေးစရာရှိသည်များ မပေးဆောင်နိုင်မှုနှင့်ပတ်သက်ပြီး ပါကစ္စတန်နှင့်အကြား အငြင်းပွားမှု ဖြစ်နေသည်မှာ Vodafone ကုမ္ပဏီတစ်ခုတည်းနှင့် မဟုတ်ပေ။ အစောပိုင်းကလည်း ဆားဘီးယားနှင့်

အမေရိကန်တို့ရှိ ပါကစ္စတန်သံရုံးများတွင် ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဝန်ထမ်းလစာငွေများ ပေးဆောင်နိုင်ခြင်းမရှိ ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly