ယူကရိန်းပဋိပက္ခကို လူမှုကွန်ရက်၌ ရိုင်းစိုင်းစွာလှောင်ပြောင်မှုအပေါ် တရုတ်သတိပေး

By SCMP
07 March 2022
ယူကရိန်းပဋိပက္ခကို လူမှုကွန်ရက်၌ ရိုင်းစိုင်းစွာလှောင်ပြောင်မှုအပေါ် တရုတ်သတိပေး

အများမြင်သာသည့် အင်တာနက်ပေါ်ရှိ စိတ်ခံစားချက်မှတ်ချက်များသည် ပြည်ပနိုင်ငံသားများအပေါ် ဒေါသဆွပေးရာရောက်ကြောင်း စိုးရိမ်ရသဖြင့် ရုရှားက ယူကရိန်းအပေါ်ကျူးကျော်သည့်ကိစ္စနှင့် ပတ်သက်သော အွန်လိုင်းမှတ်ချက်များကို သတိထားရေးသားရန် တရုတ်အာဏာပိုင်များက တောင်းဆိုထားသည်။

အင်တာနက်အသုံးပြုသူအချို့က ယူကရိန်းနိုင်ငံသားများ၏ ဒုက္ခရောက်မှုကို စာနာနားလည်ကြပြီး အချို့ကလည်း ပဋိပက္ခကို လှောင်ပြောင်ကာ ရုရှား၏ရန်လိုမှုကို အားပေးနေသောကြောင့် ပဋိပက္ခနှင့်ပတ်သက်၍ တရုတ်လူမှုကွန်ရက်မီဒီယာပေါ်တွင် ဒေါသတကြီး ငြင်းခုန်နေကြသည်။

အင်တာနက်အသုံးပြုသူအများအပြားက ထွက်ပြေးလာသည့်ယူကရိန်းအမျိုးသမီးများကို ‘ဝမ်းမြောက်စွာနဲ့ စောင့်ရှောက်လိုက်ပါ’ ဟုဆိုကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ထောက်ခံဟန်ရှိသောအပြောအဆိုကြောင့် ဝေဖန်မှုများမြင့်တက်လာသည်။

ပေကျင်းမြို့ခံတစ်ဦးဖြစ်သည့် ချန်းကျင်းကျင်းက သူမသည် ထိုကဲ့သို့ ဟာသအဖြစ် ပြောဆိုနေသူများနှင့် အငြင်းအခုန်ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

“ဒါဟာ ကြမ်းကြုတ်ရက်စက်တဲ့ ဟာသပါ။ စစ်ပွဲမှာ အမျိုးသမီးတွေကို လူသားတွေလို ဆက်ဆံမယ့်အစား လိင်ပိုင်းဆိုင်ရာ အရင်းအမြစ်တွေလို ဆက်ဆံတာပါ။ ဒါကို လက်မခံနိုင်ပါဘူး” ဟု သူမက ဆိုသည်။ ချန်းနှင့်အခြားသူများက လှောင်ပြောင်နေသူများကို ဒေါသတကြီး ကြိမ်းမောင်းပြောဆိုခဲ့ပြီးအမျိုးသမီးများကို လေးစားရန်နှင့် ပဋိပက္ခခံစားနေရသူများကို မလှောင်ပြောင်ရန် ပြောဆိုခဲ့သည်။

ထိုအချိန်မှစ၍ Weibo၊ Douyin နှင့် WeChat အပါအဝင် အင်တာနက်မှ အများအပြားသည် ဒေါသဖြစ်စေသော အကြောင်းအရာများပါသည့် အကောင့်များကို ဆိုင်းငံ့ထားကာ အသုံးပြုသူများအား ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဆင်ခြင်တုံတရားရှိရှိ နေကြရန်နှင့် နိုင်ငံတကာဖြစ်ရပ်များကို ဆွေးနွေးသည့်အခါ သန့်ရှင်း၍ ဖြောင့်မတ်သော ဝန်းကျင်ကို လက်ကိုင်ထားရမည်ဟု ဆိုခဲ့သည်။

နိုင်ငံပိုင်သတင်းဌာနဆင်ဟွာ၏ သုံးသပ်မှုကဏ္ဍထုတ်လွှင့်ချက်တွင်လည်းမသင့်လျော်စွာ ပြောဆိုသူများကို ဝေဖန်ပြစ်လိုက်ပြီး အမြင်များကို ကျိုးကြောင်းဆီလျော်စွာတင်ပြကြရန် အင်တာနက်အသုံးပြုသူများကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly