ယူကရိန်းစစ်တပ် အသုံးပြုသည့် Punisher ခေါ် အစွမ်းထက် ဒရုန်းက ရုရှတို့အပေါ် အောင်မြင်သော တိုက်ခိုက်ရေးမစ်ရှင်များ လုပ်ဆောင်ထားနိုင်

ယူကရိန်းစစ်တပ် အသုံးပြုသည့် Punisher ခေါ် အစွမ်းထက် ဒရုန်းက ရုရှတို့အပေါ် အောင်မြင်သော တိုက်ခိုက်ရေးမစ်ရှင်များ လုပ်ဆောင်ထားနိုင်

မတ် ၆

ဖောက်ခွဲရေးပစ္စည်း ၃ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပြီး ရန်သူ့လိုင်း (မျဉ်း) နောက်က မိုင် ၃၀ အကွာရှိ ပစ်မှတ်များကို ထိမှန်နိုင်စွမ်းရှိသည့် “သိသာသော အပြောင်းအလဲများကို ဖြစ်စေနိုင်စွမ်းရှိသော” ဒရုန်းများကို ယူကရိန်းစစ်တပ်က အသုံးပြုလျက် ရှိသည်ဟု The Times of London သတင်းစာက ဖော်ပြသည်။

Punisher ဟု ခေါ်သော အဆိုပါ ဒရုန်းများသည် ရုရှတို့ ယူကရိန်းအပေါ် စတင်ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း “အောင်မြင်သော” မစ်ရှင် ၆၀ ခု အထိ လုပ်ဆောင်ပြီးမြောက်ထားကြောင်း ယူကရိန်း စစ်ပွဲနည်းပညာနှင့် ဒီဇိုင်းကုမ္ပဏီ UA-Dynamics မှ အင်ဂျင်နီယာတစ်ဦးဖြစ်သည့် အူဂျီနီ ဘူလက်ဆက်ဗ်က အဆိုပါ သတင်းဌာနကို ပြောသည်။

“အရပ်သားတွေရဲ့ အသက်တွေကို အန္တရာယ် မဖြစ်စေဘဲ အလှမ်းကွာဝေးတဲ့ နေရာတစ်ခုကနေ ထိထိမိမိနဲ့ ထိုးနှက်တိုက်ခိုက်မှုတစ်ခု လုပ်ဖို့အတွက် ဒါက စရိတ်အသက်သာဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်း ဖြစ်ပါတယ်” ဟု ဘူလက်ဆက်ဗ်က ထို သတင်းဌာနကို ပြောသည်။

ယင်း လျှပ်စစ်ဒရုန်းများ၏ တောင်ပံအလျားမှာ ၇ ပေ ခွဲ ဖြစ်ပြီး ပေ ၁,၃၀၀ အမြင့်တွင် နာရီအတော်ကြာ ပျံသန်းနိုင်ကာ မစ်ရှင်များကို အလိုအလျောက် ထမ်းဆောင်နိုင်ရန်အတွက် ယင်းတို့၏ ပစ်မှတ်များ၏ မြေပုံညွှန်းများသာ လိုအပ်ကြောင်း ဘူလက်ဆက်ဗ်က ပြောသည်။

Punisher ဒရုန်းက တိုက်ခိုက်မှု မလုပ်ခင် ပစ်မှတ်များကို ခွဲခြားရွေးထုတ်ရန် Spectre ဟု ခေါ်သည့် ပိုမိုအရွယ်အစားသေးသော ကင်းထောက် ဒရုန်းယာဉ်တစ်မျိုးကို အသုံးပြုကြောင်း သိရသည်။

၂၀၁၄ ခုနှစ်က ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲများ စတင်ခဲ့ပြီးနောက်ပိုင်း စစ်မှုထမ်းဟောင်း အဖွဲ့အုပ်စုတစ်စုသည် ဒရုန်းထုတ် ကုမ္ပဏီ UA-Dynamics ကို စတင်ထူထောင်လုပ်ဆောင်ခဲ့သည်ဟု ပြီးခဲ့သည့်လ Haaretz သတင်းတစ်ရပ်အရ သိရသည်။

“ကုမ္ပဏီရဲ့ အမှုထမ်း လေးပုံ သုံးပုံလောက်ကတော့ ရန်သူ့နယ်မြေထဲမှာ အတွင်းကျကျ အထူး စစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ အတွေ့အကြုံတွေ ရှိတဲ့ စစ်မှုထမ်းဟောင်းတွေ ဖြစ်ကြပါတယ်” ဟု UA-Dynamics မှ မာကက်တင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သလို အလွတ်သဘော ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည့် မက်ဇင် ဆူဘိုတင်က ပြောသည်။

အဓိကပစ်မှတ်များမှာ လောင်စာဆီနှင့် ခဲယမ်း သိုလှောင်ခန်း၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် တန်ပြန် အီလက်ထရောနစ် စစ်ဆင်ရေး စခန်းများ၊ လေကြောင်းရန် ကာကွယ်မှုစနစ်များ အပါအဝင် မရွေ့လျားဘဲ ရပ်နေသည့် ပစ်မှတ်များ ဖြစ်ကြောင်း ဘူလက်ဆက်ဗ်က ပြောသည်။

ယူကရိန်းစစ်တပ်ရှိ မတူညီသော တပ်ဖွဲ့များသည် ဒရုန်းများကို အသုံးပြုလျက် ရှိသည် ဆိုသော်လည်း Punisher ဒရုန်းများကို မည်သည့် တည်နေရာများတွင် ဖြန့်ကြက် အသုံးပြုနေသလဲ ဆိုသည်နှင့် အရေအတွက် မည်မျှအထိ အသုံးပြုနေသလဲ ဆိုသည်တို့ကမူ ထုတ်ဖော်နိုင်ခြင်းမရှိဘဲ လုံခြုံရေးအဆင့်သတ်မှတ်ထားကြောင်း ဘူလက်ဆက်ဗ်က ပြောသည်။

ရေဒါနှင့် ဖမ်းရခက်အောင် နည်းပညာဖြင့် ဖန်တီးထားသော Punisher ဒရုန်းများသည် ပြီးခဲ့သည့် နှစ်များအတွင်း ဒွန်ဘတ်စ်ဒေသရှိ ရုရှလိုလားသော ခွဲထွက်ရေးသမားများ၏ နယ်နိမိတ်ဧရိယာအတွင်း ကသောင်းကနင်းအခြေအနေများကို ဖြစ်ထားစေခဲ့ကြောင်း၊ အကြောင်းမှာ ရန်သူသည် ၎င်းတို့ကို ထိမှန်သည့် အရာက မည်သည် ဖြစ်သလဲ ဆိုသည်ကို လုံးဝ မသိဘဲ ဖြစ်နေခဲ့ကြောင်း ဘူလက်ဆက်ဗ်က ယခင်ကာလအတွင်း The Sun ကို ပြောခဲ့သည်။

ဒရုန်းသည် အတော်ပင် သေးငယ်၊ ပေါ့ပါးပြီး ရေဒါဖြင့် မြင်သာနိုင်ခြင်း မရှိကြောင်း ၎င်းက သတင်းဌာနကို ပြောသည်။

“နောက်ထပ် ပြောရရင်တော့၊ ဒီ ဒရုန်းက တစ်ကြိမ်တည်းမှာ ဗုံးသုံးလုံး ပစ်ချနိုင်တာ ဒါမှမဟုတ် မတူညီတဲ့ ပစ်မှတ်သုံးခုကို ထိမှန်နိုင်စေတာတို့ကို လုပ်ဆောင်နိုင်ပြီး  အဲဒီနောက် အခြေစိုက်နေရာဆီ ပြန်လာပြီး ဖောက်ခွဲရေးပစ္စည်း ဖြည့်တင်းတင်ဆောင်ပြီးတော့ မိနစ်ပိုင်းအတွင်း တိုက်ပွဲနေရာကို ပြန်သွားနိုင်ပါတယ်” ဟု ဘူလက်ဆက်ဗ်က The Sun ကို ပြောခဲ့သည်။

ယူကရိန်းသည် “အလွန်တရာ ကျွမ်းကျင်ပါးနပ်သည့် အစီအစဉ် ပလန်” တစ်ခုကို လုပ်ဆောင်ရင်း ရုရှတို့၏ ချီတက်တိုးဝင်လာမှုများကို တစ်စိတ်တစ်ဒေသအားဖြင့် ရပ်တန့်အောင် လုပ်ထားခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန် ဝေါလေ့စ်က Sky News ကို ပြောသည်။

“ကျွန်တော်တို့ဟာ ကိုယ်တိုင်အတည်မပြုနိုင်တဲ့ ဗီဒီယိုရုပ်သံတွေကို တွေ့ထားပါတယ်။ ဒါပေမယ့် ဓာတ်ဆီ ယာဉ်တန်းတွေကို တိုက်ခိုက်ဖို့၊ ထောက်ပံ့ ပို့ဆောင်ရေးအတန်းတွေနောက် လိုက်ဖို့အတွက် ယူကရိန်းသားတွေ UAV မောင်းသူမဲ့လေယာဉ်တွေ သုံးနေတဲ့ ဗီဒီယိုတွေကို တွေ့ထားပါတယ်။ ထောက်ပံ့ ပို့ဆောင်ရေးအတန်းတွေ ပေါက်ကွဲသွားတာတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒါတွေအားလုံးကတော့ ခုခံတွန်းလှန်မှုပိုင်းနဲ့ပတ်သက်လို့ ခင်ဗျားတို့၊ ကျွန်တော်တို့ တွေးနေတဲ့ အရာတွေပဲဖြစ်ပါတယ်” ဟု ဝေါလေ့စ်က ပြောသည်။

Punisher ဒရုန်းများအပြင် ယူကရိန်းစစ်တပ်သည် တူရကီနိုင်ငံထုတ် Bayraktar TB2 ဒရုန်း အစင်း ၂၀ ခန့်ကိုလည်း အသုံးပြုနေသည်။

ပြီးခဲ့သည့်အပတ်က ယူကရိန်းစစ်တပ်က ဝေမျှခဲ့သည့် ဗီဒီယိုများထဲတွင် TB2 ဒရုန်းတစ်စင်းမှ အနည်းဆုံး တိုက်ခိုက်မှုတစ်ခုကြောင့် ရုရှ တင့်ကားများနှင့် သံချပ်ကာကားများ ပါသည့် ယာဉ်တန်းတစ်ခုကို ထိမှန်စေခဲ့ပုံပေါ်သည့် မြင်ကွင်းတစ်ခုကို ပြသထားသည်။

ရုရှ စစ်တပ် ကျူးကျော်ဝင်ရောက်မှုနောက်ပိုင်း ယူကရိန်း၏ ဝေဟင်၌ တိုက်ပွဲများ ဆက်ရှိနေစဉ် ဒရုန်းများကို ဖြန့်ကျက်အသုံးပြုလျက် ရှိသည်။

အသာစီးရရှိ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း ရုရှတို့က ထုတ်ဖော်ထားသော်လည်း ယူကရိန်း လေပိုင်နက်သည် “အကြိတ်အနယ် ယှဉ်ပြိုင်နေကြဆဲ”ဖြစ်သလို “အလွန်တရာ အင်တိုက်အားတိုက်ဖြစ်နေ” ကြောင်း ယခုအပတ်အစောပိုင်းက အမေရိကန် ကာကွယ်ရေးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောခဲ့သည်။

ရုရှတို့အနေဖြင့် ယူကရိန်း၏ လေကြောင်း ကာကွယ်ရေး လုပ်နိုင်စွမ်းများကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် နောက်ကောက်ချသွားနိုင်လိမ့်မည်ဟု တွက်ဆမှုများ ရှိခဲ့သော်လည်း ရုရှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ယုတ်စွအဆုံး စစ်သည် သယ်ယူပို့ဆောင်ရေး လေယာဉ်များကို မိမိတို့ ပစ်ချထားခဲ့ကြောင်း ယူကရိန်းက ပြီးခဲ့သည့် ရက်များအတွင်း ထုတ်ဖော်ထားခဲ့သည်။

ထို့ပြင် ရုရှသည် မျှော်မှန်းထားခဲ့သလို ယင်း၏ လေတပ်၏ အင်အားအပြည့်အဝကို တပ်ဖြန့်ထားခဲ့ခြင်း မရှိခဲ့မှုအပေါ် ကျွမ်းကျင်သူများ အံ့အားသင့်ခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly