ပါကစ္စတန်တွင် အီရန်မှ မှောင်ခိုဝင်ရောက်သော နို့နှင့် နို့ထွက်ပစ္စည်းများကြောင့် ပြည်တွင်း ထုတ်လုပ်သူများ အခက်တွေ့

ပါကစ္စတန်တွင် အီရန်မှ မှောင်ခိုဝင်ရောက်သော နို့နှင့် နို့ထွက်ပစ္စည်းများကြောင့် ပြည်တွင်း ထုတ်လုပ်သူများ အခက်တွေ့

ပါကစ္စတန်နိုင်ငံထဲသို့ အီရန်မှ နို့နှင့် နို့ထွက်ပစ္စည်းထုတ်ကုန်များ မှောင်ခိုဝင်ရောက်နေမှုကြောင့် ပြည်တွင်းထုတ်လုပ်သူများ အခက်တွေ့လျက်ရှိသည်။

ပါကစ္စတန်နိုင်ငံတဝှမ်း တန်ဖိုးနည်းပစ္စည်းများ ရောင်းချသည့် ဈေးများရှိ လက်လီဖြန့်ချိသူများ၏ စင်များပေါ်တွင် မှောင်ခိုသွင်းထားသည့် ဈေးသက်သာသော အီရန်ထုတ် နို့နှင့် နို့ထွက်ပစ္စည်းထုတ်ကုန်များကို ရောင်းချခြင်းကြောင့် ပြည်တွင်းရှိ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သူများ မကျေမနပ်ဖြစ်နေသည်။

ဈေးဝယ်သူများအနေဖြင့် အဆိုပါ ဈေးပိုသက်သာသည့် အီရန် ထုတ်ကုန်ပစ္စည်းများကြောင့် အကျိုးဖြစ်ထွန်း လျက်သော်လည်း ပြည်တွင်း ထုတ်လုပ်သူများမှာမူ အီရန်မှောင်ခိုပစ္စည်းများကြောင့် ဆုံးရှုံးနေရသည့်အတွက် ၎င်းတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

“မှောင်ခို သွင်းထားတဲ့ အီရန်ရဲ့ နို့နဲ့ နို့ထွက်ပစ္စည်း ထုတ်ကုန်တွေကိုတော့ ပြီးခဲ့တဲ့ ၆လအတွင်းမှာ ကရာချိ၊ ဆက်ကာ၊ အစ္စလမ်မာဘတ်၊ လာဟိုး၊ ဆာဂိုဟာ၊ ပက်ရှာဝါ နဲ့ ဂျဟီလမ် မြို့တို့မှာ ရှိတဲ့ လက်လီဆိုင်တွေမှာ တွေ့မြင်ထားခဲ့ရပါတယ်” ဟု ပါကစ္စတန် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သူများအသင်း (PDA) ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ရှီဟ်ဇက်ဒ် အေမင်က Dawn သတင်းဌာနကို ဖေဖေါ်ဝါရီ ၁၉ ရက်က ပြောသည်။

ပြည်တွင်းသို့ တင်သွင်းသည့် နို့နှင့် နို့ထွက်ပစ္စည်းများသည် ပြည်တွင်း၌ စည်းမျဉ်းဖြင့် ကြပ်မတ် ထုတ်လုပ်ထားသည့် ထုတ်ကုန်များနှင့် တန်းတူ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီခြင်း ရှိမရှိ သေချာစေရေးအတွက် အစိုးရဘက်က ကြပ်မတ်စစ်ဆေးလုပ်ဆောင်ရန် လိုကြောင်း ၎င်းက ပြောသည်။

ထို့ပြင် အီရန်၏ နို့မလိုင် ထုတ်ကုန်သည် မွတ်စလင်ထုံးစံနှင့်အညီ စီမံထားသည် ဆိုသည့် ထောက်ခံချက်၊ တင်သွင်းသူ လိပ်စာ၊ အူရဒူ ဘာသာစကားဖြင့် ဖော်ပြသည့် ပါဝင်ပစ္စည်းနှင့် အာဟာရဆိုင်ရာ အချက်အလက် များနှင့် တင်သွင်းသူများ၏ အမည်၊ လိပ်စာတို့ ပါဝင်နေခြင်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly