သရက်ချောင်းမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်သူနှင့် ဖျားနာသူများအတွက် ဆေးဝါး အကူအညီ လိုအပ်နေ

သရက်ချောင်းမြို့နယ်တွင် COVID-19 ရောဂါ ကူးစက်သူနှင့် ဖျားနာသူများအတွက် ဆေးဝါး အကူအညီ လိုအပ်နေ

ထားဝယ်၊ မတ်လ၊ ၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် တောင်ပျောက် တိုက်နယ် အတွင်းရှိ စစ်ဘေးရှောင်စခန်း အပါအဝင် ကျေးရွာ တချို့တွင် COVID-19 ရောဂါ ကူးစက်ခံထား ရသူနှင့် ဖျားနာသူ များပြားနေပြီး ဆေးဝါးများ အကူအညီများ လိုအပ်နေကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ကျောက်အိုင်၊ မဲကဲ၊ ဝင်းကဖော် ကျေးရွာများနှင့်  အနီးအနား ကျေးရွာများက ဒေသခံ အများစု COVID-19 ရောဂါ ကူးစက် ခံထားရကြောင်း အဆိုပါစစ်ဆင်ရေးအဖွဲ့၏ တောင်ပျောက် တိုက်နယ် ဆေးတာဝန်ခံ တစ်ဦးက ပြောသည်။

တောင်ပျောက် တိုက်နယ် အဖြူရောင် မေတ္တာ ဆေးဝါး ထောက်ကူပြု အဖွဲ့တာဝန်ခံ တစ်ဦးက"ကျွန်တော်တို့ တောင်ပျောက် စစ်ရှောင် စခန်းထဲမှာတောင် COVID-19  ကူးစက်သူနဲ့ ဖျားနာသူတွေ ၁၃၀ နီးပါးလောက် ရှိနေပါတယ်"ဟု ပြောသည်။

တောင်ပျောက် တိုက်နယ် အတွင်း ရွာကိုးရွာရှိပြီး ဒေသခံ ပြည်သူ ဦးရေ ၅၀၀၀ နီးပါးရှိကြောင်း၊ COVID-19 ကာကွယ်ဆေး ထိုးထားသူအနည်းငယ်သာရှိကြောင်း၊ လက်ရှိတွင် လူဦးရေ ၁၀၀၀ နီးပါးခန့် ဖျားနာနေကြောင်း ဒေသခံများထံက သိရသည်။

"တောထဲမှာရော ရွာတွေထဲမှာပါ ဖျားနာသူတွေ များတယ်လို့တော့ သိရတယ်။  COVID စစ်ရင် အများစုက ရောဂါပိုး အတည်ပြု လူနာသစ်တွေ များနိုင်ပါတယ်"ဟု တောင်ပျောက် တိုက်နယ် အဖြူရောင် မေတ္တာ ဆေးဝါး ထောက်ကူပြု အဖွဲ့ တာဝန်ခံ တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည့် တောင်ပျောက်တိုက်နယ် အတွင်း စစ်ကောင်စီက လမ်းပိတ်ဆို့ထားခြင်းကြောင့် လိုအပ်သည့် ဆေးဝါးများ ဝယ်ယူခြင်း၊  ပို့ဆောင်ပေးရန်နှင့် ကုသမှုပေးရန်အတွက် ခက်ခဲနေကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

ရောဂါ ကူးစက်ခံရသူများထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ် အများဆုံး ပါဝင်နေသည့် အပြင် COVID-19 မျိုးကွဲ ရောဂါများပါ ကူးစက်မှုဖြစ်နေဖြစ်နေပြီး အောက်စီဂျင် လိုအပ်ချက်လည်း ရှိနေကြောင်း ကျန်းမာရေး တာဝန်ခံများထံမှ သိရ သည်။

အောက်စီဂျင်အပြင် ဖျားနာရာတွင် အသုံးပြုရမည့် ဆေးဝါးများ၊ ကိုယ်ခံအားဆေး၊ ငှက်ဖျားဆေးနှင့် ရောဂါ စစ်ဆေး၍ ရနိုင်မည့် ပစ္စည်းများ လိုအပ်နေကြောင်း ကျန်းမာရေး တာဝန်ခံက ပြောသည်။

သရက်ချောင်းမြို့နယ်က ကျေးရွာအများစုတွင် COVID-19 ကာကွယ်ဆေး ထိုးပြီးသူဦးရေ အနည်းငယ်သာရှိပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသူအများစုသည် ကာကွယ်ဆေး မထိုးရသေးကြောင်း သိရသည်။
#MizzimaTV
#COVID-19ရောဂါ
#ကူးစက်ခံရ
#စစ်ရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required