တရုတ်မှ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရသည့် နော်ဝေ၏ ကွန်ပျူတာကွန်ရက်များ

တရုတ်မှ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရသည့် နော်ဝေ၏ ကွန်ပျူတာကွန်ရက်များ

ဥရောပတွင် တရုတ်နိုင်ငံ၏ကြီးထွားလာနေသော နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုမူဝါဒ အကျိုးစီးပွားများကို အကြောင်းပြု၍ တရုတ်ထောက်လှမ်းရေးအဖွဲ့သည် နော်ဝေနည်းပညာနှင့်ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များ ဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းခြင်း အပေါ်အာရုံပြောင်းသွားခဲ့သည်။ မကြာသေးမီကနော်ဝေထောက်လှမ်းရေးဌာန (NIS)၊နော်ဝေလုံခြုံရေးရဲတပ်ဖွဲ့ (PST) နှင့် နိုင်ငံ့လုံခြုံရေးအာဏာပိုင်အဖွဲ့ (NSM) တို့သည်၂၀၂၂ခုနှစ်အတွက် အများပြည်သူဆိုင်ရာ ခြိမ်းခြောက်မှုနှင့် အန္တရာယ်ဆိုင်ရာ အကဲဖြတ်ချက်များကို တင်ပြခဲ့သည်။ နိုင်ငံများစွာ၏ ထောက်လှမ်းရေးဌာနများတွင် နော်ဝေမြေပေါ်၌ လုပ်ဆောင်နေသော တရုတ်နှင့်ရုရှားတို့လည်း ပါဝင်နေကြောင်း အကဲဖြတ်ချက်တွင် ဖော်ပြထားသည်။

၂၀၂၂ခုနှစ်နိုင်ငံခြိမ်းခြောက်မှုဆိုင်ရာအကဲဖြတ်မှုတွင် PST သည်ထောက်လှမ်းရေး၊ အဖျက်အမှောင့်လုပ်ငန်း၊ ဖျက်အားပြင်းလက်နက်များပြန့်ပွားလာခြင်းနှင့် ယခုနှစ်တွင် နော်ဝေလူ့အဖွဲ့အစည်းရင်ဆိုင်ရမည့် အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒနှင့် ပတ်သက်သော ခြိမ်းခြောက်မှုများကိုပြန်လည် သုံးသပ် တင်ပြထားသည်။ ခြိမ်းခြောက်မှုဆိုင်ရာ အကဲဖြတ်မှုအစီရင်ခံစာသည် နော်ဝေအဆင့်မြင့်နည်းပညာ/ အဆင့်မြင့်ကုမ္ပဏီများကို ပြည်ပအေဂျင်စီများပစ်မှတ်ထားနေမှုကိုအထူးရည်ညွှန်းထားသည်။

အကဲဖြတ်အစီရင်ခံစာတွင်အထူးသဖြင့် နော်ဝေကွန်ပျူတာ ကွန်ရက်များနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများ ခိုးယူမှုနှင့်ဗျူဟာမြောက် သိုမှီးမှုများအပေါ ်တရုတ်ထောက်လှမ်းရေးအဖွဲ့က အသုံးပြုသည့်ကုန်သွယ်မှု ကလိမ်ဉာဏ်များနှင့် ဗျူဟာများကို ဖော်ပြထားသည်။ PST ၏အဆိုအရ တရုတ်ကွန်ပျူတာကွန်ရက် လည်ပတ်မှုများသည် နော်ဝေနိုင်ငံရေးပြဿနာများကိုအာရုံပိုစိုက်လာသည်။စစ်ဆင်ရေးများသည် နည်းပညာကုမ္ပဏီများအတွက် လုပ်ဆောင်နေခဲ့ကြသည့် အစောပိုင်း ကာလမှ အသွင်ပြောင်းလာသည့် လက္ခဏာဖြစ်သည်။ ခြိမ်းခြောက်မှု အကဲဖြတ်ချက်များသည် ရှုပ်ထွေးပြီးမှန်းဆ၍မရသော အခြေအနေတစ်ရပ်ကို ခြုံငုံတင်ပြထားသည်။

အော်စလို၏အပြိုင်အဆိုင် စက်မှုကဏ္ဍနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုများကို တရုတ်ထောက်လှမ်းရေး အေဂျင်စီများက စိတ်ဝင်စားကြသည်။နော်ဝေကာကွယ်ရေးဝန်ကြီးအော့ဒ်ရော်ဂျာအီနော့ဆန်က “ကျွန်တော်တို့ဟာ ကမ္ဘာ့ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုအရှိဆုံးလူ့အဖွဲ့အစည်းမှာ နေထိုင်နေတာပါ။ ဒါကကျွန်တော်တို့ကိုအားနည်းချက်ရှိစေပါတယ်” ဟုဆိုသည်။

အဆိုပါအစီရင်ခံစာသည်နော်ဝေနိုင်ငံရင်ဆိုင်နေရသောဆိုးရွားသော လုံခြုံရေးခြိမ်းခြောက်မှုများကို သတိပြုမိစေရန်နှင့်အရေးကြီးသော ကြိုတင်ကာကွယ်မှု အစီအမံများပံ့ပိုးပေးရန် အများပြည်သူများအတွက် ရည်ရွယ်သည်။ အစီရင်ခံစာက တရုတ်နှင့်ရုရှားတို့ကို သွယ်ဝိုက်ညွှန်းဆိုလျက်

စစ်ဘက်ခေတ်မီရေးနှင့် လက်နက်တပ်ဆင်ရေးတွင် ပါဝင်ပတ်သက်သူများ၏ လျှို့ဝှက်ကြိုးပမ်းမှုများကို တွေ့ကြုံ ခံစားရမည်ဖြစ်ကြောင်း နော်ဝေစီးပွားရေး၊စက်မှုလုပ်ငန်းနှင့်နော်ဝေအထူးကျွမ်းကျင်သူအဖွဲ့များကို အ ချက်ပြ သတိပေးထားသည်။ ကာကွယ်ရေး၊ အရေးပေါ်ကြိုတင်ပြင်ဆင်မှု၊မူဝါဒရေးဆွဲမှုနှင့် နည်းပညာများသည် အထူးသဖြင့် ရုရှား၊တရုတ်၊အီရန်နှင့် ပါကစ္စတန်တို့နှင့် ဆက်နွယ်နေသူများကို ခုခံနိုင်မှုအားနည်းလိမ့်မည်ဖြစ်ကြောင်း နော်ဝေက ယူဆထားသည်။

ကွန်ပျူတာ ကွန်ရက်စစ်ဆင်ရေးများသည် နိုင်ငံခြားထောက်လှမ်းရေးဌာနများ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။ ၂၀၂၀နှင့်၂၀၂၁ခုနှစ်များကနော်ဝေပါလီမန် ဆိုက်ဘာ တိုက်ခိုက် ခံရမှုများသည် အလွန်ဆိုးရွားသော ဖြစ်ရပ် ဥပမာများဖြစ်သည်။

နော်ဝေရှိအစိုးရနှင့် ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ဆောင်ရွက်ချက်များကို ပစ်မှတ်ထားသော ဆိုးရွားသော ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ရပ်၃ ဆတိုးလာကြောင်းNSM က တွေ့ရှိခဲ့သည်။ ဤဖြစ်ရပ်များထဲမှအချို့ကို ပြည်ပနိုင်ငံများကိုယ်စားရန်လိုသူများကလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။၂၀၂၁ခုနှစ်တွင်ထိုသို့သောသူများက နော်ဝေအာဏာပိုင်များနှင့် ပုဂ္ဂလိကလုပ်ငန်းများပိုင်ကွန်ရက်များကို ထိုးဖောက်ဝင်ရောက်ခဲ့သည်။ နော်ဝေနိုင်ငံရေးသမားများနှင့် တရုတ်နိုင်ငံကိုဝေဖန်သူများကို ဖော်ထုတ်ရန်ရန်လိုသော တရုတ်လူမျိုး ဆိုက်ဘာ တိုက်ခိုက်သူများကိုတာဝန် ပေးထားဖွယ်ရှိသည်။

နော်ဝေနိုင်ငံတွင်လှုပ်ရှားနေသောတိုးမြှင့်လာသည့်ပြင်ပထောက်လှမ်းရေးကိုအချိန်အတော်ကြာစောင့်ကြည့်လျက်ရှိသည်။ ၂၀၁၈ခုနှစ်တွင်ကောင်တီ အုပ်ချုပ်ရေးမှူးရုံးများရှိ ကွန်ပျူတာတိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးမှုတွင် တရုတ်နိုင်ငံ ကိုယ်စားလှုပ်ရှားနေသော ဆိုက်ဘာ သူလျှိုအဖွဲ့ APT31 သည် စစ်ဆင်ရေးနောက်ကွယ်တွင် ရှိနေကြောင်း ဖော်ပြသည့် အထောက်အထားများကို PST ကတွေ့ထားသည်။ ယင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် နွေရာသီတွင်နော်ဝေ cloud ဝန်ဆောင်မှုပေးသူ Visma AG ကိုလည်း ဆိုက်ဘာတိုက်ခိုက်ခဲ့ကြောင်း PST ကပြောသည်။ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ အစီရင်ခံစာတစ်ခုတွင် ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီများဖြစ်ကြသည့် Rapid7 နှင့် Recorded Future တို့ကတရုတ်ဟက်ကာအဖွဲ့ APT10အား Visma ကိုတိုက်ခိုက်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ၂ ၀၂၀ခုနှစ်ဆောင်းဦးတွင်ပါလီမန်ရှိ IT စနစ်များထိုးဖောက်ခံရမှုတွင်လည်းAPT31လက်ချက်ဖြစ်ကြောင်းဖင်လန်အရာရှိများက စွပ်စွဲခဲ့ကြသည်။

ကျန်းမာရေးဝန်ဆောင်မှုများ၊ ရဲတပ်ဖွဲ့များ၊ လောင်စာဆီနှင့်အစားအစာ ထောက်ပံ့မှုတို့သည် ဒစ်ဂျစ်တယ် အဖျက်အမှောင့်ကြောင့် ပျက်စီးသွားနိုင်ခြေရှိကြောင်း မကြာသေးမီနှစ်များအတွင်း အန္တရာယ်ရှိသော ဆော့ဖ်ဝဲများသိသိသာသာတိုးလာခြင်းကသက်သေပြနေသည်။ဒစ်ဂျစ်တယ်ခေတ်တွင်တရုတ်နိုင်ငံကပထဝီနိုင်ငံရေးဆိုင်ရာအစီအစဉ်တွင် ဩဇာအာဏာအဆင့်ကို အရှိန်မြှင့်ရန်ကြိုးပမ်းနေသောကြောင့် ထိုသို့သော ခြိမ်းခြောက်မှုများ ပိုမိုများပြားလာမည်ဖြစ်သည်။ နော်ဝေသည် နည်းပညာအဆင့်မြင့်သော နိုင်ငံဖြစ်သည့်အတွက် တရုတ်ကပစ်မှတ်ထားမည်ဖြစ်ပြီး လျှို့ဝှက်အချက်အလက်ရယူခြင်းဖြင့် တရုတ်ကုမ္ပဏီများအား နည်းပညာမြင့် တန်ဖိုးကွင်းဆက်၏ တစ်စိတ်တစ်ပိုင်းဖြစ်စေရန် ကူညီရာရောက် မည်။ တရုတ်နိုင်ငံသည်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လုပ်ဆောင်ရန်ဥရောပကိုအားကျလျက်ရ ှိပြီးစီးပွားရေးမူဝါဒများ၊မဟာဗျူဟာများနှင့်ပတ်သက်သည့်နော်ဝေဒေတာကိုရယူခြင်းသည်တရုတ်နိုင်ငံအတွက်စီးပွားရေးသံခင်းတမန်ခင်းနှင့်လှုပ်ရှားမှုတွင်များစွာအထောက်အကူဖြစ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly