ပြည်မြို့တွင် ရှေ့ဟောင်းဇုန်နှင့် မလွတ်ကင်းဟုဆိုကာ အိမ်များကို ဘူဒိုဇာဖြင့် စစ်ကောင်စီဖျက်ဆီး

ပြည်မြို့တွင် ရှေ့ဟောင်းဇုန်နှင့် မလွတ်ကင်းဟုဆိုကာ အိမ်များကို ဘူဒိုဇာဖြင့် စစ်ကောင်စီဖျက်ဆီး

မတ် ၄

ပဲခူးတိုင်း၊ ပြည်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၄ရက် နံနက် ၈ နာရီဝန်းကျင်က ရွှေတံခါးရပ်ကွက် ရွှေတံခါးဘူတာဝန်းကျင်နှင့် ငါးရွာအုပ်စု ကန်သာယာရပ်ကွက် နဂါးတွန့်တံခါးအနီးမှ နေအိမ်များနှင့် ခြံစည်းရိုး အုတ်တံတိုင်းများကို စစ်ကောင်စီက ရှေ့ဟောင်းဇုန်နှင့် မလွတ်ကင်းဟုဆိုကာ ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

“မနက်က ဘူဒိုဇာနဲ့လာဖျက်နေတာ သူတို့ပြောတာတော့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ဆောက်တဲ့ နေအိမ်ကို ဖျက်တယ်လို့ပြောတယ်။ ရှေ့ဟောင်းဇုန်နယ်နိမိတ်ထဲရောက်နေလို့ကြားတယ်။  အကြောင်းကြားစာမရဘူးတဲ့။ တရားစွဲခံထားရတဲ့သူတွေလည်းရှိတယ်”ဟု ဖျက်ဆီးခံရသည့် အနီးတွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။ 

သရေခေတ္တရာ ပျူမြို့ဟောင်းကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် သက်မှတ်ပြီးသည့် နောက်ပိုင်း ယင်းဇုန်အတွင်း နေထိုင်သူများကို နေအိမ်အသစ်များ မဆောက်လုပ်ရန် တားမြစ်ထားသည်။ ရှေ့ဟောင်းဇုန်အတွင်း ဝင်ရောက်နေထိုင်၍ ယခင်အစိုးရလက်ထက်က တရားစွဲခံထားရသူ အယောက် ၁၀၀ နီးပါးရှိနေကြောင်း သိရသည်။ 

“ကျွန်တော်အိမ်ကတော့ပါသွားပြီးဗျ။  ဒီမှာနေနေတာ ၁၀နှစ်ကျော်ပြီ ။ သူတို့က ကမ္ဘာ့အမွေအနှစ်သတ်မှတ်လိုက်ရင် ကျနော်တို့(ဒေသခံ)တွေ အလုပ်အကိုင်အခွင့်အလမ်းတွေရမယ်လို့ ပြောပြီး စည်းရုံးခဲ့တာ၊ အခုတော့ နေစရာတောင် မရှိတော့ဘူး ။ အရင်အစိုးရလက်ထက်က တရားစွဲခံရပေမယ့် အိမ်မဖျက်ပေးရဘူး ။ အခုတော့ စစ်ကောင်စီက အင်အားသုံးပြီလာဖျက်သွားပြီ”ဟု နေအိမ်အဖျက်ခံရသည့် အမျိုးသားတစ်ဦးက ပြောသည်။ 

နေအိမ်များ လာရောက်ဖျက်ဆီးရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များ အင်အားအများအပြားဖြင့် လုံခြုံရေးယူကာ အဖွဲ့အစည်းပေါင်းစုံပါဝင် ကြောင်း သိရသည်။ 

ရှေ့ဟောင်းဇုန်နှင့် မလွတ်ကင်းဟုဆိုကာ ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခြင်းခံခဲ့ရသည့်နေအိမ် ၅၀ကျော်ရှိနေပြီး စာရင်းအတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 

အလားတူ နေအိမ်ဖျက်ဆီးခံရမည့် စာရင်းထဲတွင် ရှေ့ဟောင်းဇုန်နှင့် မသက်ဆိုင်သည့် နေရာဖြစ်သော နဝဒေးလမ်းမကြီးဘေးမှ နေအိမ်များနှင့် ဆယ်ထပ်ကြီးဘုရားနောက်ကျောရှိနေအိမ်များပါဝင်နေကြောင်း၊ အဆိုပါနေရာက နေအိမ်များ မည်သည့်အတွက်ကြောင့် ဖျက်ပေးရမည်ကို အသေးစိတ် မသိသေးပေ။

#ပြည်မြို့
#ရှေးဟောင်းဇုန်
#အိမ်များ အဖြိုခံရ
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly