တိုက်ပွဲ ပြင်းထန်နေမှုနှင့်အတူ ယူကရိန်း နျူကလီးယားဓာတ်အားပေးစက်ရုံအပြင်ဘက်၌ မီးလောင်မှု ဖြစ်ပွားခဲ့

တိုက်ပွဲ ပြင်းထန်နေမှုနှင့်အတူ ယူကရိန်း နျူကလီးယားဓာတ်အားပေးစက်ရုံအပြင်ဘက်၌ မီးလောင်မှု ဖြစ်ပွားခဲ့

မတ် ၄

ယူကရိန်းတပ်ဖွဲ့များနှင့် ရုရှတပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေစဉ် ယူကရိန်းနိုင်ငံရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ရုံ၏ လေ့ကျင့်ရေးအဆောက်အအုံတစ်ခု၌ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းနိုင်ငံ၏ အရေးပေါ်အခြေအနေ စီမံကိုင်တွယ်မှုဌာနက မတ်လ ၄ ရက်တွင် ပြောသည်။ ယခုအခါ အဆိုပါ မီးလောင်မှုကို ငြှိမ်းသတ်ထားခဲ့ပြီဖြစ်ကြောင်း ယင်းက ပြောသည်။

ဥရောပ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံလည်းဖြစ်သည့် ဇာပိုရစ်ဇီရာ စက်ရုံတွင် ရေဒီယိုသတ္တိကြွမှုလယ်ဗယ် မြင့်တက်မှု လက္ခဏာရပ်များ မရှိခဲ့ကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီး ဂျနီဖာ ဂရန်ဟိုးလ်မ်က ပြောသည်။

ထို နျူကလီးယား ဓာတ်အားပေးစက်ရုံသည် ယူကရိန်းတွင် ထုတ်လုပ်သည့် လျှပ်စစ်ပမာဏ စုစုပေါင်း၏ ငါးပုံတစ်ပုံကျော်ကို ဖြည့်ဆည်းပေးနေခြင်း ဖြစ်သည်။

ရိုက်တာက အတည်ပြုနိုင်ခဲ့သည့် ယင်းစက်ရုံဆိုင်ရာ ဗီဒီယိုတစ်ခုထဲတွင် အမြှောက်ဖြင့် ပစ်ခတ်နေမှုနှင့် စက်ရုံဝင်းရှိ အဆောက်အအုံတစ်ခုအနီး မီးခိုးများ တက်နေသည်ကို ပြသနေခဲ့သည်။

ညပိုင်းအချိန်တွင် ရိုက်ထားခဲ့သည့် ထိုရုပ်သံဗီဒီယိုထဲတွင် အဆောက်အအုံတစ်ခု မီးလောင်နေပြီး အမြှောက်ဆန်များ တရစပ်ကျနေသည်ကို တွေ့ရကာ ယင်းနောက် ကြီးမားသည့် မီးတောက်လုံးကြီးတစ်ခုက ကောင်းကင်ယံကို လင်းထိန်သွားစေပြီး ကားပါကင်နေရာတစ်ခုနံဘေး ပေါက်ကွဲခဲ့သည်ကို တွေ့ခဲ့ရသလို ယင်းဧရိယာ၌ မီးခိုးများ တလိပ်လိပ်တက်နေသည်ကို တွေ့ခဲ့ရသည်။ ထို နျူကလီးယား ဓာတ်အားပေးစက်ရုံသည် မည်သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သလဲ ဆိုသည်ကို လက်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“ဥရောပသားတွေ၊ ကျေးဇူးပြုပြီး နိုးထကြပါ။ ခင်ဗျားတို့ရဲ့ နိုင်ငံရေးသမားတွေကို ပြောကြစမ်းပါ။ ရုရှတပ်တွေဟာ ယူကရိန်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ခုကို ပစ်နေပြီ ဆိုတာကို ပြောလိုက်ကြပါ” ဟု ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇီလန်စကီးက ဗီဒီယိုမိန့်ခွန်းတစ်ခုတွင် ပြောခဲ့သည်။

ထို့ပြင် ရုရှတင့်ကားများသည် နျူကလီးယား ဓာတ်ပေါင်းဖို များကို ပစ်ခတ်ထားခဲ့သည်ဟု ဇီလန်စကီးက ပြောသည်။ သို့သော် ၎င်းတို့ ထိမှန်ထားခဲ့သည် ဆိုသည်ကို ကိုးကားညွှန်းဆိုနိုင်မည့် အထောက်အထား မရှိခဲ့ပေ။

ကိယက်ဗ်မြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၅၅၀ (၃၄၂ မိုင်) အကွာရှိ မြို့တစ်မြို့ဖြစ်သော အန်နာဂိုဒါ၏ မြို့တော်ဝန်ဖြစ်သူက ပြောကြားရာတွင် ပြင်းထန်သည့် တိုက်ပွဲများနှင့် “ရန်သူ့ဘက်မှ အမြှောက်လက်နက်များဖြင့် ဆက်တိုက်ပစ်ခတ်နေမှု” ကြောင့် ဧရိယာတွင် သေကျေ၊ ဒဏ်ရာရမှုများကို ဖြစ်စေခဲ့ကြောင်း ပြောပြီး အခြား အသေးစိတ်အချက်အလက်များကို မပြောခဲ့ပေ။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနိုင်ငံတစ်ခုအပေါ် အကြီးမားဆုံး တိုက်ခိုက်မှုတစ်ရပ်ကို ရုရှသမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့်အပတ် ကြာသပတေးတွင် စတင်စေခဲ့ပြီးနောက်ပိုင်း လူထောင်ချီ သေဆုံး သို့မဟုတ် ဒဏ်ရာရထားခဲ့ပြီဟု ယုံကြည်ရပြီး ဒုက္ခသည် တစ်သန်းကျော်သည်လည်း ယူကရိန်းနိုင်ငံကနေ ထွက်ပြေးထားခဲ့ကြပြီးဖြစ်သည်။

ယူကရိန်း နျူကလီးယား ဓာတ်အားပေးစက်ရုံအပြင်ဘက် မီးလောင်မှုဖြစ်စဉ် သတင်းများကြောင့် အာရှဒေသရှိ ဘဏ္ဍာရေး ဈေးကွက်များကို လှုပ်ခတ်စေခဲ့ပြီး စတော့တန်ဖိုးများ ထိုးကျကာ ရေနံဈေးနှုန်းများ ထပ်မံမြင့်တက်မှုများ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly