၂၀၁၅ တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာ၊ထိုင်း၊ဗီယက်နမ်၊လာအို၊ကမ္ဘောဒီးယားကလပ်များ ၀င်ပြိုင်မည်

၂၀၁၅ တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာ၊ထိုင်း၊ဗီယက်နမ်၊လာအို၊ကမ္ဘောဒီးယားကလပ်များ ၀င်ပြိုင်မည်
၂၀၁၄ တိုယိုတာမဲခေါင်ဖလားပြိုင်ပွဲတွင် ဧရာဝတီအသင်းနှင့် ဘန်ဒေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ်။

ဇွန် ၂၅၊ ရန်ကုန်။ ။ တိုယိုတာကားကုမ္ပဏီမှ အဓိကစပွန်ဆာအဖြစ် ပံ့ပိုးကူညီပြီး ၂၀၁၄ ခုနှစ်က စတင်ကျင်းပခဲ့သည့် တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ် ယခုနှစ်ပြိုင်ပွဲကို မြန်မာ၊ထိုင်း၊လာအို၊ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှ အမှတ်ပေးချန်ပီယံကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်တွင်စတင်ကျင်းပခဲ့ပြီး ထိုစဉ်က မြန်မာနေရှင်နယ်လိဂ်မှ ရှုံးထွက်ချန်ပီယံ ဧရာဝတီယူနိုက်တက်အသင်း၊ ဗီယက်နမ်ကလပ် ဘန်ဒေါင်းအက်ဖ်စီ၊ ကမ္ဘောဒီးယားကလပ် ဖနွမ်းပင်ခရောင်း၊ လာအိုကလပ် ဟောင်အန်းအသင်းတို့ပါဝင်ခဲ့သည်။ ဧရာဝတီအသင်းမှာ ဆီးမီးဖိုင်နယ်တွင် လာအိုကလပ် ဟောင်အန်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲတွင် ဗီယက်နမ်ကလပ် ဘန်ဒေါင်းအသင်းကို ၄-၁ ဂိုးဖြင့်ရှုံးကာ ဒုတိယရရှိခဲ့သည်။

ယခုနှစ်ပြိုင်ပွဲတွင် အမှတ်ပေးချန်ပီယံအသင်းများသာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆင့်သုံးဆင့်ဖြင့် ကစားရမည်ဖြစ်သည်။ ပထမအဆင့်တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ကလပ်အသင်းများ အိမ်ကွင်း၊အဝေးကွင်းပုံစံဖြင့် ကစားရမည်ဖြစ်ပြီး အုပ်စုထိပ်ဆုံးအသင်းမှာ ဆီမီးဖိုင်နယ်အဖြစ် ဗီယက်နမ်ကလပ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်တွင် အနိုင်ရသောအသင်းမှာ ဗိုလ်လုပွဲအဖြစ် ထိုင်းကလပ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ပထမအဆင့်ပွဲစဉ်များကို နိုဝင်ဘာ ၁ရက်မှ ၂၉ ရက်အထိကစားရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဗီယက်နမ်နိုင်ငံ၌ ဒီဇင်ဘာ ၆ ရက်၊ ဗိုလ်လုပွဲကို ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၂၀ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ဆုကြေးအဖြစ် ပထမဆု ဒေါ်လာ ၇၅၀၀၀၊ ဒုတိယဆု ဒေါ်လာ ၅၀၀၀၀၊ တတိယဆု ဒေါ်လာ ၃၀၀၀၀၊ စတုတ္ထဆု ဒေါ်လာ ၁၀၀၀၀၊ ပဉ္စမဆု ဒေါ်လာ ၅၀၀၀ ချီးမြှင့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly