ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စည်းမျဉ်းချိုးဖောက်သည့် ပါကစ္စတန်ဘဏ်ကို အမေရိကန်က ဒေါ်လာသန်း ၅၀ ကျော် ဒဏ်ရိုက်

ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စည်းမျဉ်းချိုးဖောက်သည့် ပါကစ္စတန်ဘဏ်ကို အမေရိကန်က ဒေါ်လာသန်း ၅၀ ကျော် ဒဏ်ရိုက်

ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စည်းမျဉ်းဥပဒေ ချိုးဖောက်မှု၊ သက်ဆိုင်ရာ စည်းမျဉ်းများ လိုက်နာရန် ထပ်တလဲလဲ ပျက်ကွက်မှုတို့အတွက် ပါကစ္စတန်အမျိုးသားဘဏ် (NBP) ၏ နယူးယော့ခ် ဘဏ်ခွဲတစ်ခုကို အမေရိကန်အာဏာပိုင်တို့က ဒဏ်ငွေဒေါ်လာ ၅၅ သန်းကျော် ချမှတ်လိုက်သည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စည်းမျဉ်း ချိုးဖောက်မှုများအတွက် ပါကစ္စတန်အမျိုးသားဘဏ်အပေါ် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၄ သန်း ချမှတ်ကြောင်း အမေရိကန်ဗဟိုဘဏ်ဘုတ်အဖွဲ့ (FRB) က ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ကြေညာခဲ့သည်။

“ပါကစ္စတန်အမျိုးသားဘဏ်အပေါ် ထုတ်ပြန်ခဲ့တဲ့ တရားမဝင်တဲ့ လုပ်ရပ် ချက်ချင်းရပ်ဆိုင်းရေးဆိုင်ရာ သတိပေးချက် အသေးစိတ်အရ ဒီဘဏ်ရဲ့ အမေရိကန်ဘဏ်လုပ်ငန်းခွဲဟာဆိုရင် ထိရောက်တဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်တစ်ခု ရှိမနေသလို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေတွေအတိုင်း လိုက်နာဖို့ လုံလောက်တဲ့ ကြီးကြပ်ထိန်းသိမ်းမှုတွေလည်း မရှိခဲ့ပါဘူး” ဟု အမေရိကန်ဗဟိုဘဏ်ဘုတ်အဖွဲ့က ပြောသည်။

အရေးယူမှုကို နယူးယော့ခ်ပြည်နယ် ဘဏ္ဍာရေးဝန်ဆောင်မှုဌာန၏ သီးခြားအရေးယူ ဆောင်ရွက်မှုတစ်ခုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဗဟိုဘဏ်ဘုတ်အဖွဲ့က ပြောသည်။

အဆိုပါ အရေးယူမှုတွင် အမေရိကန် နယူးယော့ခ်ပြည်နယ် ဘဏ္ဍာရေးဝန်ဆောင်မှုဌာန (NYDFS) က ထုတ်ပြန်ခဲ့သည့် တရားမဝင်သည့် လုပ်ဆောင်ချက်ကို ချက်ချင်းရပ်ဆိုင်းရေးဆိုင်ရာ သတိပေးချက်တစ်ရပ်အရ ပါကစ္စတန်အမျိုးသားဘဏ်နှင့် ယင်း၏ နယူးယော့ခ်ဘဏ်ခွဲတို့အနေဖြင့် ဒဏ်ငွေ ဒေါ်လာ ၃၅ သန်း ပေးဆောင်မည်ဟု အမေရိကန်စည်းမျဉ်းထိန်းသိမ်းသူများနှင့်အကြား သဘောတူညီခဲ့ကြောင်း ဘဏ္ဍာရေးဝန်ဆောင်မှုဌာန၏ ကြီးကြပ်သူဖြစ်သည့် အန်ဒရီယန်နီ အေ ဟားရစ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly