ထိုင်ဝမ်သို့ အမေရိကန်အစိုးရ ကိုယ်စားလှယ်များ သွားရောက်

ထိုင်ဝမ်သို့ အမေရိကန်အစိုးရ ကိုယ်စားလှယ်များ သွားရောက်

အမေရိကန်ကာကွယ်ရေးဌာနအရာရှိ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သို့ မတ် ၁ ရက်က ရောက်ရှိလာခဲ့ရာ တရုတ်၏ ခြိမ်းခြောက်မှုများ ရှိနေချိန်တွင် ဆက်ဆံရေးကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးအဖွဲ့ အကြီးအကဲဟောင်း မိုက်ခ်မူလန်ဦးဆောင်သည့် ၅ ဦး ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်သို့ ၂ ရက်တာ ခရီးစဉ်အတွင်း သမ္မတ စိုင်အင်ဝမ်း၊ အခြား ထိပ်တန်းခေါင်းဆောင် များနှင့်လည်း တွေ့ဆုံခဲ့သည်။ ၎င်းတို့အား မြို့တော်တိုင်ပေရှိ စောင်ရှန်လေဆိပ်တွင် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ကြိုဆိုခဲ့သည်။

သမ္မတစိုင်၏ ရုံးအဖွဲ့ ထုတ်ပြန်ချက်တွင် ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စေလွှတ်ခြင်း ဖြစ်ကာ ထိုင်ဝမ်နှင့် အမေရိကန်တို့အကြား နယ်ပင်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုလေးနက်စွာ သဘောအမြင် ဖလှယ်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

ထိုင်ဝမ်နှင့် အမေရိကန်ဆက်ဆံရေး ပိုမံတိုးတက်မှု အားကောင်းလာစေရန်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆက်လက်ထိန်းသိမ်းရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ကြွယ်ဝရေးတို့တွင် လက်တွဲဆောင်ရွက်ရန် ထိုင်ဝမ်က မျှော်လင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သီးခြားကိုယ်စားလှယ်ခရီးစဉ်တစ်ခုအဖြစ်လည်း အမေရိကန်နိုင်ငံခြားရေးန်ကြီးဟောင်း မိုက်ခ်ပွန်ပဲရိုးသည် မတ် ၂ ရက်က ထိုင်ဝမ်သို့ ရောက်ရှိလာကာ သမ္မတစိုင်နှင့် တွေ့ဆုံပြီး တွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားခဲ့ ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အလည်အပတ်ရောက်ရှိလာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းအား သမ္မတစိုင်အင်ဝမ်းက ကိုယ်တိုင် ဂုဏ်ပြုကြိုဆိုခဲ့သည်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီအပေါ် မကြာခဏဝေဖန်မှုနှင့် ထိုင်ဝမ်အပေါ် ထောက်ခံမှုတို့ကြောင့် သမ္မတထရမ့်တာဝန်မှ ရပ်နားပြီးနောက် ရာထူးမှ နုတ်ထွက်သွားသည့် ပွန်ပဲရိုးအား တရုတ်အစိုးရက ပိတ်ဆို့အရေးယူမှုများကို ချမှတ်ခဲ့သည်။

ယခုခရီးစဉ်မတိုင်မီကလည်း တရုတ်ထိပ်တန်း သတင်းစာတစ်စောင်က ၎င်းကို လူလိမ်ဟု ရေးသားခဲ့သည်။

မြို့တော်တိုင်ပေရှိ သမ္မတရုံး၌ လက်ခံတွေ့ဆုံရာတွင် သမ္မတစိုင်က ပွန်ပဲရိုးအနေဖြင့် ထိုင်ဝမ်ကို ကာလကြာမြင့်စွာ ထောက်ခံနေခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အမေရိကန်အလံ၊ ထိုင်ဝမ်အလံပုံစံများဖြင့် ချုပ်ထားသည့် နှာခေါင်းစည်းဝတ်ဆင်ထားသည့် ပွန်ပဲရိုးက ၎င်းတာဝန်ထမ်းဆောင်ခဲ့စဉ်က ဆောင်ရွက်ပေးနိုင်ခဲ့သည့်အရာများ၊ ထိုင်ဝမ်နှင့် ဆက်ဆံရေး ပုံမှန်ရရှိစေရန် အမေရိကန်အစိုးရတာဝန်ရှိသူများ ထိုင်ဝမ်သို့ စေလွှတ်ခြင်းအပါအဝင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ပြန်လည်ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစတင်ခဲ့သည့် လက်ရှိသမ္မတ ဂျိုင်းဘိုင်ဒင် အစိုးရလက်ထက်တွင် တရုတ်အစိုးရက ပွန်ပဲရိုးနှင့် ထရမ့်လက်ထက် အရာရှိ ၂၇ ဦးကို ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ရက်များအတွင်း ရုရှားက ယူကရိန်းသို့ ကျူးကျော်လိုက်ခြင်းသည် ထိုင်ဝမ်သို့ တရုတ်က တိုက်ခိုက်လာနိုင်မည့်အခြေအနေအပေါ် စိုးရိမ်မှုများ ဖြစ်လာခဲ့သည်။

သို့သော် များစွာ ကွာခြားသည့်အခြေအနေများမှာ တရုတ်နှင့် ထိုင်ဝမ်တို့အကြား ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀) ရှည်သည့် ရေလက်ကြားတစ်ခု ခြားထားသလို ထိုင်ဝမ်၏ ကာကွယ်ရေးအတွက် အမေရိကန်က အင်အား ကောင်းစွာ ပံ့ပိုးပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly