ဆက်ဆံရေးမြင့်တင်ရန် ဆော်ဒီသို့ တရုတ်သမ္မတရောက်ရှိ

ဆက်ဆံရေးမြင့်တင်ရန် ဆော်ဒီသို့ တရုတ်သမ္မတရောက်ရှိ

ရီးယက်၊ ဇန်နဝါရီ ၂၀ ။           ။ စီးပွားရေးအင်အားကြီးတရုတ်သည် အခက်အခဲအကျပ်အတည်းကြုံတွေ့နေသော အရှေ့အလယ်ပိုင်းတွင် ၎င်း၏နိုင်ငံရေးပုံရိပ်ကို မြင့်တင်ရန် တရုတ်သမ္မတ ရှီကျင်ပင်းသည် ခရီးစဉ်၏ ပထမဆုံးတစ်ထောက်နားအဖြစ် ဇန်နဝါရီ ၁၉ က ဆော်ဒီအာရေဘီယားနိုင်ငံသို့ ရောက်ရှိခဲ့သည်။

ဒေသတွင်းသို့ ၎င်း၏ သမ္မတတာဝန်ဖြင့်သွားရောက်သော ငါးရက်ကြာ ပထမဆုံးခရီးစဉ်တွင် အီဂျစ်နှင့် အီရန်နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်သည်။ သမ္မတရှီ ဆော်ဒီဘုရင် ဆယ်လ်မန်နှင့် တွေ့ဆုံနေပုံကို နိုင်ငံပိုင် ရုပ်သံက ပြသခဲ့သည်။ ထို့အပြင် ဘုရင်က ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ရာ တော်ဝင်မိသားစုဝင်အချို့လည်း တက်ရောက်ခဲ့သည်ဟု Saudi Press Agency (SPA) ကဖော်ပြခဲ့သည်။

နှစ်နိုင်ငံကြား သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၁၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး အများအပြားမှာ စီးပွားရေးနှင့် ဆိုင်သော ကိစ္စရပ်များဖြစ်သည်။ သဘောတူညီချက်တစ်ခုမှာ အကြမ်းဖက် တိုက်ဖျက်ရေး တိုင်ပင်ဆွေးနွေးရေးအတွက် ယန္တရားတစ်ခုတည်ထောင်ရေးဖြစ်ပြီး နောက်တစ်ခုမှာ နျူကလီးယားဓါတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည်ဟု SPA ကအစီရင်ခံသည်။

ဇန်နဝါရီ ၂၀တွင် ရှီသည် ရီးယက်တွင် စွမ်းအင်သုတေသနစင်တာတစ်ခုဖွင့်ပွဲအခမ်းအနားသို့ ဆယ်လ်မန်နှင့် အတူ တက်ရောက်မည်ဖြစ်သည်။ ထို့အပြင် ဆော်ဒီ၏ ပင်လယ်ကွေ့ကမ်းရိုးတန်းပေါ် တွင် ရေနံချက်စက်ရုံတစ်ခုကိုလည်း ၎င်းတို့ကဖွင့်လှစ်ပေးမည်ဖြစ်သည်။ ယင်းရေနံချက်စက်ရုံသည် နိုင်ငံပိုင် Saudi Aramco နှင့် တရုတ်၏ China Petrochemical Corp တို့၏ ဖက်စပ် လုပ်ငန်းဖြစ်သည်။

ဒေသတွင်းအင်အားကြီးနိုင်ငံများဖြစ်သော ဆော်ဒီအာရေဘီးယားနှင့် အီရန်တို့ကြား တင်းမာမှုများမှာ ရီးယက်နှင့် ဆော်ဒီ၏မဟာမိတ်များက အီရန်နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ချိန် တွင်မြင့်မားသည့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ဆော်ဒီနှင့် တရုတ်တို့သည် ကမ္ဘာ့တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက်လုပ်ဆောင်လျက်ရှိပြီး ယင်းသို့တရုတ်၏ လုပ်ဆောင်မှုများအတွက် ဆော်ဒီက တန်ဘိုးထားလေးစားကြောင်း ဆယ်လ်မန်က ရှီသို့ ပြောကြားခဲ့သည်ဟု SPA ကဖော်ပြခဲ့သည်။ ဆော်ဒီနှင့် တရုတ်သည် အရပ်ဘက်လူ့အဖွဲ့အစည်းအပေါ်တင်းကျပ်သော ထိန်းချုပ်မှုပေါ်လစီကို ကျင့်သုံးနေသဖြင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly