ပူတင်ကိုရလျှင် ဒေါ်လာ ၁ သန်း ဆုတော်ငွေပေးမည်ဟု ရုရှားလုပ်ငန်းရှင်ကြေညာ

ပူတင်ကိုရလျှင် ဒေါ်လာ ၁ သန်း ဆုတော်ငွေပေးမည်ဟု ရုရှားလုပ်ငန်းရှင်ကြေညာ

မတ် ၃

ဗလာဒီမာပူတင်ကိုဖမ်းမိလျှင် ဆုတော်ငွေ အမေရိကန်ဒေါ်လာတစ်သန်းဆုချမည်ဟု ရုရှားလုပ်ငန်းရှင်တစ်ဦးက ကြေညာလိုက်ပြီး သမ္မတကိုခုံရုံးတင်ကာ တရားမျှတမှုရှာရန် နိုင်ငံ့စစ်အရာရှိများကို တိုက်တွန်းလိုက်သည်။ 

စွန့်ဦးတီထွင်လုပ်ငန်းရှင် အဲလက်စ် ကိုနနေခင်က ဆိုရှယ်မီဒီယာ Linkedln တွင် ကြေညာရာတွင် ယူကရိန်းကိုကူညီရန်အတွက် လုပ်ဆောင်ဖို့ ကိုယ်ကျင့်တရားရေးရာအရ တာဝန်ရှိသည်ဟု ပါရှိသည်။ 

" ရုရှားနဲ့ နိုင်ငံတကာဥပဒေတွေအောက်မှာ စစ်ရာဇဝတ်ကောင်တစ်ယောက်ဖြစ်တဲ့ ပူတင်ကိုဖမ်းဖို့ အခြေခံဥပဒေအရပေးအပ်ထားတဲ့ တာဝန်ကိုလုပ်ဆောင်မယ့် အရာရှိ (အရာရှိများ) ကို ကျနော်က ဒေါ်လာ ၁,၀၀၀,၀၀၀ ပေးဖို့ ကတိပြုပါတယ်။" ဟု မစ္စတာ ကိုနနေခင်က ပြောသည်။ 

" ရုရှားမှာရှိတဲ့ လူနေအိမ်ခန်းအဆောက်အဦတွေကို ဖောက်ခွဲပစ်လိုက်တဲ့  အထူးစစ်ဆင်ရေးရလာဒ်အရ အာဏာရလာတာမို့ ပူတင်ဟာ ရုရှားသမ္မတမဟုတ်ပါဘူး၊ ပြီးတော့ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေဖျောက်ဖျက်လိုက်ပြီး အတိုက်အခံတွေကို သတ်နေတာကြောင့် အခြေခံဥပဒေကို ချိုးဖောက်ခဲ့ပါတယ်" 

သူ၏ ပို့စ်တွင် မစ္စတာပူတင်၏ ဓာတ်ပုံနှင့်အတူ ပုံညွှန်းစာ " အလိုရှိတယ်။ အသေအရရ အရှင်ရရ၊ လူအမြောက်အများသတ်သူ ဗလာဒီမာပူတင်" ဟူ၍ ပါရှိသည်။ 

ပြီးတော့ သူက ဆက်ရေးထားရာတွင် " ရုရှားလူမျိုးတစ်ယောက်ဖြစ်ပြီး ရုရှားနိုင်ငံသားတစ်ယောက်အနေနဲ့၊ ရုရှားရဲ့ နာဇီဝါဒပယ်ဖျက်ရေးကိုလုပ်ဆောင်ဖို့ ကိုယ်ကျင့်တရားရေးရာတာဝန်ရှိတယ်လို့ မြင်တယ်။ ပူတင်ရဲ့အုပ်စုကြီး သတ်ဖြတ်မှုတွေကို သမိုင်းဝင်တွန်းလှန်နေတဲ့ ယူကရိန်းကိုကျနော်ရဲ့အထောက်အပံ့ပေးတာကို ဆက်လုပ်မှာဖြစ်တယ်" ဟု ပါရှိသည်။

မစ္စတာ ကိုနနေခင်သည် ရုရှားအစိုးရနှင့် ရှုတ်ထွေးသော သမိုင်းကြောင်းရှိပြီး ၁၉၉၆ ခုနှစ်က အမေရိကားတွင်နေထိုင်စဉ် အဖမ်းခံခဲ့ရကာ Russian Exchange Bank မှ ဒေါ်လာ ရှစ်သန်းကို မသမာသောနည်းဖြင့်ဖြောင်သွားသည်ဟု အာဏာပိုင်များက စွပ်စွဲခဲ့သည်။ 

ရုရှားမာဖီယားများက မစ္စတာ ကိုနနေခင်နှင့် ကန်ထရိုက်ပျက်အောင်လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း FBI အရာရှိများက သက်သေထွက်ဆိုခဲ့ပြီး သူ့အမှုမှာလည်း ရှင်းလင်းသွားခဲ့ကာ သူလည်း နိုင်ငံရေးခိုလှုံခွင့်ပေးခံရသည်။ 

နောက်နှစ်များအကြာတွင်တော့ သူ၏နိုင်ငံရေးခိုလှုံခွင့်မှာ ပယ်ဖျက်ခံရသော်လည်း သူ့ကိုပြန်ပို့ရန်လုပ်ဆောင်မှုမှာ အဆုံးသတ်တွင် ခရိုင်တရားသူကြီး တီအက်စ် အဲလစ်စ်က မော်စကိုပြန်ပို့ရန်ဆုံးဖြတ်ချက်သည် အတော်လေးဆိုးရွားသည်ဟုဆိုကာ ပယ်ဖျက်လိုက်သည်။ 

မစ္စတာ ကိုနနေခင်က ညွှန်းဆိုသည့် အဆောက်အဦများဖောက်ခွဲသည်ဆိုသော ရည်ညွှန်းချက်သည် မစ္စတာပူတင် ၁၉၉၈ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း အကြီးအကဲလုပ်ခဲ့သော ရုရှားထောက်လှမ်းရေး FSB သည် ၁၉၉၉ ခုနှစ်တွင် လူ ၃၀၀ ခန့်သေဆုံးခဲ့သော လူနေအဆောက်အဦလေးလုံးတွင် ပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဆိုသော စွပ်စွဲပြောကြားသောကိစ္စဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ချေချင်းအကြမ်းဖက်သမားများလက်ချက်ဟု အပြစ်တင်ခဲ့ကြီပြီးနောက် ဒုတိယချေချင်းစစ်ပွဲပေါ်ပေါက်အောင်မီးထိုးပေးခဲ့ကာ ထိုစစ်ပွဲကပင် ရုရှားတွင် မစ္စတာပူတင်ကိုလူကြိုက်များလာစေခဲ့သည်။ သူသည် ၁၉၉၉ တွင် ၀န်ကြီးချုပ်ဖြစ်လာပြီး နှစ်ကုန်မည့်နေ့တွင် ယာယီသမ္မတအဖြစ်ဖြစ်လာပြီးနောက် မတ်လတွင် သက်တမ်းပြည့်ထမ်းဆောင်ရန်  ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

လန်ဒန်တွင် ၂၀၀၆ ခုနှစ်က ရေဒီယိုသတ္တိကြွအိုင်ဆိုတုပ် ပလူတိုနီ ယမ်-၂၁၀ အသုံးပြုကာ လုပ်ကြံသတ်ဖြတ်ခံရသည့်  FSB အရာရှိဟောင်း အလက်ဇန်းဒါး လစ်ဗင်နန်နှင့် တစ်ခြားသူများအကြား ထောက်လှမ်းရေးက လူနေအဆောက်အဦများကို ဖောက်ခွဲမှုလုပ်ဇာတ်ခင်းခဲ့သည်ဆိုသော သီအိုရီကို အပြောများကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required