ပါကစ္စတန်၌ စစ်တပ်နှင့် တရားရေးကို ဝေဖန်ပါက ထောင်ဒဏ် ၅ နှစ် ချမှတ်မည့် အမိန့်အာဏာကို အတည်ပြု

By Babushahi
03 March 2022
ပါကစ္စတန်၌ စစ်တပ်နှင့် တရားရေးကို ဝေဖန်ပါက ထောင်ဒဏ် ၅ နှစ် ချမှတ်မည့် အမိန့်အာဏာကို အတည်ပြု

ပါကစ္စတန်နိုင်ငံတွင် အီလက်ထရောနစ်မီဒီယာမှတစ်ဆင့် စစ်တပ်၊ တရားရေးအာဏာပိုင်တို့နှင့် အခြားအဖွဲ့အစည်းများ အပါအဝင် နိုင်ငံအင်စတီကျူးရှင်းများကို ဝေဖန်ပါက ထောင်ဒဏ် ၅ နှစ် ချမှတ်မည့် အမိန့်အာဏာတစ်ရပ်ကို ပါကစ္စတန်အစိုးရအဖွဲ့က ဖေဖေါ်ဝါရီ ၁၉ ရက်တွင် သဘောတူအတည်ပြုလိုက် သည်။

ထိုသို့ လုပ်ဆောင်ချက်သည် နိုင်ငံတွင် အမြင်သဘောကွဲလွဲသည့် ထုတ်ဖော်သံများအပေါ် နှိပ်ကွပ်သည့် လုပ်ဆောင်ချက်တစ်ခုအဖြစ် သတ်မှတ်ထားသည်။

ပါကစ္စတန် ဖက်ဒရယ်အစိုးရအဖွဲ့သည် အစိုးရမှ ပြဋ္ဌာန်းသော အမိန့်အာဏာတစ်ရပ်မှတဆင့် အီလက်ထရောနစ် ပြစ်မှုများ တားဆီးကာကွယ်ရေး အက်ဥပဒေ ပြင်ဆင်ချက်ကို အတည်ပြုခဲ့ကြောင်းနှင့် ယင်းသည် သမ္မတ လက်မှတ် ရေးထိုးအတည်ပြုပြီးပါက အသက်ဝင်လာလိမ့်မည် ဖြစ်ကြောင်း The News International သတင်းစာက ဖော်ပြသည်။

ထို့ပြင် ဖက်ဒရယ်အစိုးရအဖွဲ့သည် ပါကစ္စတန် ရွေးကောက်ပွဲ ကော်မရှင် (ECP) ၏ ကျင့်ဝတ်စည်းမျဉ်း (code of conduct) ကို ပြင်ဆင်ထားခဲ့ပြီး ယင်းသည် ဝန်ကြီးများနှင့် ပါလီမန်အမတ်များ နိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို လုပ်ဆောင်နိုင်သလို လူထုစည်းဝေးပွဲများ၌ ၎င်းတို့ နှစ်သက်သည့် ကိုယ်စားလှယ်လောင်း များအား ထောက်ခံ ဟောပြောနိုင်စေရန် လမ်းခင်းပေးခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက Geo News ကို ပြောသည်။

“ပါကစ္စတန် ရွေးကောက်ပွဲ ကော်မရှင်က မိတ်ဆက်တင်သွင်းခဲ့တဲ့ ဒီ ကျင့်ဝတ်စည်းမျဉ်းနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီအားလုံးက သံသယတွေ ရှိနေပါတယ်” ဟု သတင်းရင်းမြစ်များက ပြောသည်။

အစိုးရသည် သမ္မတ၏ အမိန့်အာဏာမှတဆင့် ECP ၏ ကျင့်ဝတ်စည်းမျဉ်းကို ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း The News International သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly