တရုတ်အစိုးရ၏ နှိပ်ကွပ်မှုကြောင့် ပညာရေးကုမ္ပဏီ ဒေါ်လာ ၈၇၆ သန်း အရှုံးပေါ်

တရုတ်အစိုးရ၏ နှိပ်ကွပ်မှုကြောင့် ပညာရေးကုမ္ပဏီ ဒေါ်လာ ၈၇၆ သန်း အရှုံးပေါ်

တရုတ်အစိုးရသည်၁ နှစ်လျှင် ဒေါ်လာ၁၀၀ ဘီလီယံ ဝင်ငွေရှိသောပုဂ္ဂလိကပညာရေးနယ်ပယ်ကို အမြတ်အစွန်းမရအောင် တားမြစ်လိုက်ပြီးနောက် အွန်လိုင်းစနစ်ဖြင့်သင်ကြားသည့် တရုတ်ပညာရေးကုမ္ပဏီ New Oriental သည် ဖေဖော်ဝါရီ ၂၂ ရက်တွင်သိရသော ပထမဆုံးသော ရလဒ်များအရ ကြီးကြီးမားမား အရှုံးပေါ်ခဲ့ကြောင်း တွေ့ရသည်။

အမေရိကန်တွင် မှတ်ပုံတင်ထားသည့် New Oriental သည် နိုဝင်ဘာ ၃၀ ရက်အထိ ၆ လတာကာလအတွင်း ဒေါ်လာ ၈၇၆ သန်း ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးယမန်နှစ်က အလားတူကာလတွင် အသားတင်အမြတ်ငွေ ဒေါ်လာ ၂၂၉ သန်း ရရှိခဲ့သည်။

ကလေးထိန်းစရိတ်လျှော့ချရန်နှင့် နိုင်ငံ၏နိမ့်ကျသောကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် အစိုးရ၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ပြီးခဲ့သော ဇူလိုင်တွင် တရုတ်အစိုးရက ဖြိုခွင်းမှုများ ပြုလုပ်ပြီးနောက် ကျောင်းနေအရွယ်ကလေးများအတွက် ပညာရေးဝန်ဆောင်မှုများရပ်လိုက်ရခြင်း၏ ဆိုးရွားသော အကျိုးသက်ရောက်မှုကြောင့် ဆုံးရှုံးမှုများဖြစ်ရကြောင်း New Oriental က အပြစ်ဆိုသည်။

ယခင်က အမြတ်အစွန်းများစွာရသော သင်ကြားရေးကဏ္ဍအပေါ် တရုတ်အစိုးရကနှိမ်နင်းလိုက်မှုကြောင့် အမေရိကန်စာရင်းဝင် တရုတ်ပညာရေးနည်းပညာကုမ္ပဏီများ၏ တန်ဖိုးများ ပြိုလဲသွားခဲ့သည်။

New Oriental ၏ရှယ်ယာစျေးနှုန်းသည်ယမန်နှစ်က အမြင့်ဆုံးဖြစ်ခဲ့ပြီးနောက် ၉၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီးပြိုင်ဘက် Tal Education မှာလည်း ၉၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ဝန်ထမ်း ၆၀ ၀၀၀ ကို ထုတ်ပယ်ရသည့် ကုန်ကျစရိတ်များနှင့် တရုတ်နိုင်ငံရှိ ပညာရေးစင်တာများကို ပိတ်လိုက်ပြီးနောက် နေရာငှားရမ်းမှုရပ်စဲခြင်းများအတွက် ပေးချေရသောကြောင့် ဆုံးရှုံးရခြင်းဖြစ်သည်ဟု New Oriental ကပြောသည်။

လူမှုရေးမညီမျှမှုကို ဆိုးရွားစေသည့် ဈေးကြီးသော ကလေးသင်ရိုးညွှန်းတမ်းများကို ဖယ်ရှားရန် တရုတ်အစိုးရက အရှိန်မြှင့်လုပ်ဆောင်လာသောကြောင့် New Oriental သည် လူကြီးပိုင်းဆိုင်ရာပညာရေးဝန်ဆောင်မှုများနှင့် အားလပ်ရက်စခန်းချအပန်းဖြေမှုများအပါအဝင် ဝင်ငွေလမ်းကြောင်းအသစ်များကို ရှာဖွေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly