သီရိလင်္ကာနှင့် ဆက်ဆံရေးတွင် တရုတ်၏ အကျိုးစီးပွားများပိုများနေ

သီရိလင်္ကာနှင့် ဆက်ဆံရေးတွင် တရုတ်၏ အကျိုးစီးပွားများပိုများနေ

တရုတ်ကုမ္ပဏီတစ်ခုမှ ဓာတ်မြေသြဇာ တင်သွင်းမှုကို ပယ်ချပြီးနောက် သီရိလင်္ကာအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းသည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တင်းမာလာစေကြောင်း မူဝါဒသုတေသန အဖွဲ့(POREG) က ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးမှတ်တမ်းများ ညံ့ဖျင်းသောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဖယ်ကြဉ်ထားသော နိုင်ငံများကို တရုတ်က အကူအညီများပေးကာ စဉ်းလဲသော မူဝါဒဖြင့် သီရိလင်္ကာသို့ ချည်းကပ်ခဲ့သည်။

တမီလ်ကျားများ ဦးဆောင်သည့် ပုန်ကန်မှု ကာလအတွင်း အစိုးရက ပံ့ပိုးသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုင်ရာ စွပ်စွဲမှုများကြောင့် သီရိလင်္ကာသည် အပယ်ခံနိုင်ငံ ဖြစ်လာသောအခါတွင် တရုတ်သည် သီရိလင်္ကာကို နွေးထွေးစွာကြိုဆိုခဲ့သည်။

၂၀ဝ၇ ခုနှစ်တွင် အမေရိကန်က သီရိလင်္ကာအား စစ်ရေးအကူအညီများ ရပ်ဆိုင်းကာ အိန္ဒိယက ထိုးစစ်ဆင် တိုက်ခိုက်ရေးအတွက် လက်နက်များ ရောင်းချရန် ငြင်းဆိုလိုက်သည့်အခါ တရုတ်က စစ်လက်နက်ပစ္စည်းများ အပြင် သီရိလင်္ကာကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ထောက်ပံ့ခဲ့သည်ဟု POREG အဖွဲ့က ဖော်ပြခဲ့သည်။

အပယ်ခံနိုင်ငံကို စီးပွားရေးအကူအညီပေးမည်ဟူသော ကတိပေးလေ့ရှိသော မူဝါဒဖြင့် ယခုအခါ တရုတ်သည် သီရိလင်္ကာကို 'ခါးပတ်လမ်းစီမံကိန်း (BRI)' ဟု ခေါင်းစဉ်တပ်ထားသော အကြွေးများဖြင့် ရုန်းမထွက်နိုင်အောင် ပြုလုပ်ထားသည်။

၂၀၁၄ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဟန်ဘန်တိုတာဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် သီရိလင်္ကာအတွက် များပြားသော ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုများကို ကြေညာခဲ့သည်။

ကြွေးမြီဖလှယ်ရေးသဘောတူညီချက်အရ တရုတ်နိုင်ငံသည် ဟန်ဘန်တိုတာဆိပ်ကမ်းကို ၉၉ နှစ်အငှားဖြင့် ထိန်းချုပ်လိုက်ကြောင်း POREG က ဖော်ပြခဲ့သည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ သီရိလင်္ကာသို့ လာရောက်လည်ပတ်မှုသည် တရုတ်အား ချက်ချင်းပြန်ဆပ်ရန် လိုအပ်သည့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါးအတွက် သီရိလင်္ကာကို သက်သာရာရစေမည့် ကမ်းလှမ်းမှုမျိုး မပါရှိခဲ့ပေ။

သီရိလင်္ကာ၏ နိုင်ငံခြားကြွေးမြီမှာ ကန်ဒေါ်လာ ၇ ဘီလီယံကျော်ရှိကြောင်း POREG အဖွဲ့က ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly