ရှမ်းတပ်မတော် (RCSS) နှင့် တအာင်းတပ်တို့ သုံးရက်ကြာတိုက်ပွဲဖြစ်နေ

ရှမ်းတပ်မတော် (RCSS) နှင့် တအာင်းတပ်တို့ သုံးရက်ကြာတိုက်ပွဲဖြစ်နေ

ချင်းမိုင်၊ ဇန်နဝါရီ ၁၉ ။ ။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့ သုံးရက်ကြာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

၁၉ ရက် နံနက် ၆ နာရီမှ ၁၂ နာရီခွဲချိန်ထိ TNLA လှုပ်ရှားနေသော ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ညောင်ပန်လကျေးရွာသို့ RCSS/SSA တပ်များ ဝင်ရောက်လာသဖြင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု TNLA ပြန်ကြားရေးဌာန တာဝန်ခံ မိုင်အိုက်ကျော်က ပြောသည်။

“သူတို့ အင်အား တစ်ထောင်လောက်တက်လာပြီးမှ ကျနော်တို့လှုပ်ရှားတဲ့နေရာမှာ တောက်လျှောက်လိုက်လာပြီးမှ တိုက်ခိုက်တယ်။ ဒါကြောင့် အရင်ကထက်စာရင် အခုက တိုက်ပွဲတွေက ထိတွေ့မှု ပိုများလာတယ်၊ သုံးရက် ဆက်တိုက်ဖြစ်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲတွင် ကျဆုံးမှုမရှိသော်လည်း ဒဏ်ရာ ရရှိသူများရှိသည်ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်ကလည်း TNLA က ကွင်းဆင်းလှုပ်ရှားမှု ပြုလုပ်နေစဉ် ရှမ်းပြည်နယ် သီပေါမြို့နယ် ခွန်ဟောက်ကျေးရွာ အနီးတွင် RCSS/SSA တပ်ဘက်မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ၎င်းတို့ဘက်မှ ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု သူက ဆိုသည်။

ဇန်နဝါရီလ ၁၇ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် RCSS/SSA အား အစိုးရ စစ်တပ်မှ ပစ်ကူခဲ့သဖြင့် TNLA တပ်သားတစ်ဦး ကျဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်။ ထိုနေ့က လွယ်ဆာကျေးရွာသား ၁၁ ဦးကို ကျိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားသော်လည်း ယနေ့ထိ နေအိမ်သို့ ပြန်မရောက်လာသေးကြောင်း TNLA က ထုတ်ပြန်ထားသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားသည့် ကျောက်မဲ၊ မိုင်းလုံ၊ သီပေါ၊ မိုင်းငေါ့၊ နမ့်ဆန်မြို့နယ် အနီးတစိုက်တွင် RCSS/SSA တပ်ဘက်မှ အင်အား ၁၀၀၀ ကျော် လှုပ်ရှားနေကာ TNLA အား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်လာသည်ဟု မိုင်အိုက်ကျော်က ပြောသည်။

လက်ရှိ TNLA နှင့် တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ RCSS၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ခရီးထွက်နေပါသဖြင့် အခြေအနေမသိရသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။

RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သော ကိုယ်စားလှယ်များသည် ဆွစ်ဇာလန်နိုင်ငံခြားရေးဌာန၏ ဖိတ်ကြားချက်အရ ငြိမ်းချမ်းေးလုပ်ငန်းစဉ်များ လေ့လာဆွေးနွေးရန်အတွက် ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags