ပူတင်ကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံရနိုင်ဟု ဗြိတိန် သတိပေး 

ပူတင်ကို စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံရနိုင်ဟု ဗြိတိန် သတိပေး 
Photo - AFP

မတ်လ ၁ ရက်

ယူကရိန်း၌ ပူတင်နှင့် ၎င်းတို့၏ တပ်မှူးများသည် ကျူးကျော်မှုအတွင်း မြို့တစ်မြို့အား အဆင်ခြင်မဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် စစ်ရာဇဝတ်မှုအတွက် တရားစွဲဆိုခြင်းနှင့် ရင်ဆိုင်ရနိုင်သည်ဟု ဗြိတိန်အစိုးရက အင်္ဂါနေ့တွင် သတိပေးသည်။ 

ခါကိဗ်မြို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွင် စာသင်ကျောင်းတစ်ကျောင်း ပျက်စီးပြီး အရပ်သား အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ကြောင်း မြို့တော်ဝန်ဖြစ်သူအရ သိရသည်။ 

ယူကရိန်းတွင် ရုရှ၏ တိုက်ခိုက်မှုများအတွင်း သေဆုံးသည့် မိန်းကလေးငယ်နှစ်ဦး၏ ဓာတ်ပုံများကို ဗြိတိန်သတင်းစာများ၌ ရှေ့ဖုံးက ဖော်ပြပြီး ၎င်းတို့ထဲမှ တစ်ဦး၏ အသက်ကို ကယ်တင်ရန် ကြိုးစားသည့် ဆရာဝန်ဖြစ်သူ၏ “ဒါကို ပူတင်ကို ပြလိုက်ပါ” ဆိုသော စကားကိုပါ ဖော်ပြထားသည်။ 

ဗြိတိန်နှင့် ၎င်း၏ မဟာမိတ်များအနေဖြင့် မည်သည့် ကျူးလွန်သူကိုမဆို တရားစွဲဆိုနိုင်ရေးအတွက် စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း စစ်ရာဇဝတ်မှု ရှေ့နေဟောင်းတစ်ဦးဖြစ်သည့် တရားရေးဝန်ကြီး ဒေါမနစ် ရက်ဘ်က ပြောသည်။ 

“ရုရှက ပူတင်တင်မက တပ်မှူးတွေကိုလည်း ရှင်းရှင်းလင်းလင်း သိစေချင်တယ်၊ ယူကရိန်းမြေပြင်မှာ စစ်ဥပဒေ ချိုးဖောက်မှုတွေအတွက် သူတို့အနေနဲ့ တာဝန်ခံရမယ်ဆိုတာကိုပဲ”ဟု ၎င်းက Sky News သတင်းသို့ ပြောသည်။ 

၂၀၁၄ ခုနှစ် ခရိုင်းမီးယားကျွန်းဆွယ်အား ရုရှ သိမ်းပိုက်ပြီးနောက်ပိုင်း ယူကရိန်းတွင် စစ်ရာဇဝတ်မှုများနှင့် လူသားများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် သံသယဖြစ်စေသည့် “လက်တွေ့ကျသော အခြေခံ”ကို တွေ့ရှိပြီးနောက် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း သည်ဟိတ်က နိုင်ငံတကာရာဇဝတ်မှု တရားရုံး ICC က တနင်္လာနေ့တွင် ပြောသည်။ 

ပူတင်၊ ရုရှဗိုလ်ချုပ်ကြီးများနှင့် စစ်သားများသည် သည်ဟိတ် တရားရုံး၏ ဝက်ခြံတွင် အဆုံးသတ်ရမည့် အလွန် သေချာသော ဘေးအန္တရာယ်များ ရှိနေသည်ဟု ဒေါမနစ် ရက်ဘ်က BBC ရုပ်မြင်သံကြားသို့ ဖြည့်စွက်ပြောသည်။ 

“ICC က တရားစွဲတဲ့အခါမှာ ဗြိတိန်နဲ့ မဟာမိတ်တွေဟာ လက်တွေ့အားဖြင့်၊ သဘောတရားအားဖြင့် ထောက်ပံ့ပေးသွားလိုတဲ့ဆိုတာ ကျွန်တော် အာမခံ ပြောရဲပါတယ်”ဟု ၎င်းက ဆိုသည်။ 

ယူကရိန်း အရှေ့မြောက်ပိုင်း၌ ရုရှ၏ ဗုံးကြဲမှုများကြောင့် အရပ်သားများ ခိုလှုံရာအဖြစ် အသုံးပြုနေသော မူကြိုစာသင်ကျောင်းတစ်ကျောင်း ထိမှန်ပြီး ကလေးတစ်ဦး အပါအဝင် သုံးဦးသေဆုံးသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ပြောသည်။ 

Okhyrka မြို့တွင် ရုရှ ကျူးလွန်သော တိုက်ခိုက်မှုကို “စစ်ရာဇဝတ်မှုအဖြစ် စုံစမ်းစစ်ဆေးသင့်သည်”ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ အကြီးအကဲ အန်းနက်စ် ကယ်လာမတ်က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required