ကမ္ဘာလှည့်ခရီးသည်များအတွက် အငှားဝန်ဆောင်မှုကုမ္ပဏီ Airbnb က တိဗက်နှင့်ရှင်ကျန်းမှ အကျိုးအမြတ်များ ရရှိနေ

ကမ္ဘာလှည့်ခရီးသည်များအတွက် အငှားဝန်ဆောင်မှုကုမ္ပဏီ Airbnb က တိဗက်နှင့်ရှင်ကျန်းမှ အကျိုးအမြတ်များ ရရှိနေ

ကမ္ဘာ့လှည့်ခရီးသည်များအတွက် ငှားရမ်းရေးဝန်ဆောင်မှုကုမ္ပဏီဖြစ်သော Airbnb သည် နိုင်ငံရေးအရ အကဲဆတ်သောဒေသများဖြစ်သည့် တိဗက်နှင့် အရှေ့တာကစ္စတန် (ရှင်ကျန်း) မှ နေအိမ်၇၀၀ ခန့် ဖြင့် တရုတ်စျေးကွက်တွင် ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။

အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပံ့ပိုးထောက်ပံ့ရေး သဘောတူညီချက်ဖြင့် အိုလံပစ်ပြိုင်ပွဲ၏ အကြီးဆုံးကျောထောက်နောက်ခံ ကုမ္ပဏီများအနက်တစ်ခုဖြစ်သော အမေရိကန်အခြေစိုက်ကုမ္ပဏီ Airbnb သည် ၂၀၂၈ ခုနှစ်အထိ လုပ်ငန်းလည်ပတ်မည်ဟု ခန့်မှန်းရကြောင်း ဆောင်းပါးရှင် ချိုကီလာမိုက Free Tibet ကို ကိုးကား၍ Phayul သတင်းဝက်ဘ်ဆိုဒ်တွင် ရေးသားခဲ့သည်။

တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခံရသည်ဟု ပြင်းပြင်းထန်ထန် စွပ်စွဲခံထားရသည့် ဒေသနှစ်ခုဖြစ်သော တိဗက်နှင့် ရှင်ကျန်းတို့တွင် ပေကျင်းအိုလံပစ်စပွန်ဆာဖြစ်သည့် Airbnb သည် ငှားရမ်းရန် ရာနှင့်ချီသော ငှားရမ်းသည့်နေရာများရှိနေသည်။

ကုမ္ပဏီ၏ အွန်လိုင်းပလက်ဖောင်းသည် နေရာထိုင်ခင်းအတွက် ခရီးသွားများနှင့် အိမ်ရှင်များကို ချိတ်ဆက်ပေးကာဝန်ဆောင်မှုအခကြေးငွေများကောက်ခံခြင်းဖြင့် ဝင်ငွေရသည်။ ကုမ္ပဏီသည် Black Lives Matter လှုပ်ရှားမှု အပါအဝင် အမေရိကန်တွင် ဖြစ်ပေါ်တိုးတက်နေသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဝေဖန်မှုများရှိသော်လည်း ရှင်ကျန်းတွင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် စွပ်စွဲခံထားရသော တရုတ်အစိုးရကို ဝေဖန်ခြင်းမရှိသေးပေ။

ထို့ပြင် ပြီးခဲ့သည့်နှစ်တွင် လူ့အခွင့်အရေးအဖွဲ့ပေါင်း ၁၅၀ ၏ ညွန့်ပေါင်းအဖွဲ့က ကုမ္ပဏီအား အိုလံပစ်ပွဲတော်တွင် ပံ့ပိုးကူညီမှုမှ နုတ်ထွက်ရန် တိုက်တွန်းခဲ့ကြသည်။

Airbnb က ၎င်းတို့သည် အိုလံပစ်ပွဲတော်များစွာတွင် ပါဝင်ခဲ့ကာ ရေရှည်မိတ်ဖက်ဖြစ်ခဲ့ကြောင်းနှင့် လူ့အခွင့်အရေး၏ အရေးပါမှုနှင့်ပတ်သက်၍လည်း IOC သို့ ပြောဆိုခဲ့ကြောင်း Phayul က ဖော်ပြခဲ့သည်။

“အမေရိကန်အစိုးရက ကျွန်တော်တို့ကို ခွင့်ပြုတဲ့နေရာမှာ လုပ်ငန်းဆောင်ရွက်တာပါ။ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာအောင်လို့ တင်းကျပ်တဲ့လုပ်ငန်းစဉ်တွေလည်းရှိပါတယ်။ တရုတ်ဟာ ကမ္ဘာတစ်ဝှမ်းကလူတွေနဲ့ ချိတ်ဆက်မယ့် ကျွန်တော်တို့ရည်ရွယ်ချက်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကျွမ်းကျင်သူများက အဆိုပါ ဒေသများရှိ ခရီးသွားလုပ်ငန်းမှ အမြတ်အစွန်းရနေသော Airbnb ကို လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်စဉ်များ၏ကြံရာပါဖြစ် ပြစ်တင်ရှုတ်ချခဲ့သည်။

ဝီဂါဘာသာစကားဆိုင်ရာ တက်ကြွလှုပ်ရှားသူ အဗ္ဗဒူဝေလီအာယွတ်က “Airbnb လို ကုမ္ပဏီတွေအနေနဲ့ တစ်ချိန်က ဝီဂါတွေပိုင်ဆိုင်ခဲ့ကြတဲ့ အိမ်တွေကို စာရင်းပြုစုလို့ရနိုင်ပါတယ်။ပိုင်ရှင်တွေ ဘယ်မှာရှိနေသလဲ၊ အိမ်တွေဘာလို့ လွတ်နေတာလဲဆိုတာကို စစ်ဆေးဖို့ သူတို့မှာ တာဝန်ရှိပါတယ်" ဟု မှတ်ချက်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly