ထိုင်ဝမ်ရေလက်ကြားတွင် ရှိရင်းစွဲအခြေအနေကို ပြောင်းလဲရန် တရုတ်ကြိုးပမ်းမှုအပေါ် ပြင်သစ် ရှုတ်ချ

ထိုင်ဝမ်ရေလက်ကြားတွင် ရှိရင်းစွဲအခြေအနေကို ပြောင်းလဲရန် တရုတ်ကြိုးပမ်းမှုအပေါ် ပြင်သစ် ရှုတ်ချ

တရုတ်က ဒေသတွင်း လက်ရှိအနေအထားကို ပြောင်းလဲရန် ထိုင်ဝမ်ရေလက်ကြားတွင် ကျူးကျော်ရန်စ နေမှုများကို ပြင်သစ်က ပြစ်တင်ရှုတ်ချလိုက်သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်ဗီလာဒူရမ်းက Nikkei သတင်းဌာနနှင့် မကြာသေးမီက ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြင်သစ်နိုင်ငံသည် “လက်ရှိအနေအထားကို ပျက်ပြားစေရန် ကြိုးပမ်းမှုမှန်သမျှကို ရှုတ်ချ ကြောင်း၊ တင်းမာမှုများ ပိုမိုဖြစ်ပေါ်လာစေမည့် မည်သည့်လုပ်ရပ်ကိုမဆို ရှုတ်ချပါသည်” ဟု Taiwan News သတင်း တွင် ဖော်ပြထားသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ရေလက်ကြားတည်ငြိမ်ရေးသည် အင်ဒို-ပစိဖိတ်ဒေသတည်ငြိမ်ရေးအတွက် အဓိကသော့ချက်ဖြစ်ကြောင်းနှင့် ပြင်သစ်နိုင်ငံသည် နယူးကာလီဒိုးနီးယားအပါအဝင် ပစိဖိတ်နယ်မြေများတွင် စစ်အခြေစိုက်စခန်းများရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကို အထူးတလည် ပြောဆိုခြင်း မရှိသော်လည်း ဒေသတွင်း ရန်လိုသည့် လုပ်ရပ်များအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု အဆိုပါသတင်းတွင် ပါရှိသည်။

ရေလက်ကြားပဋိပက္ခကို တားဆီးရန် ပြင်သစ်သည် အလွန်စိတ်အားထက်သန်သည်ဟု ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး ယန်ဗီလာဒူရမ်းက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပြင်သစ်ရေတပ်သည် ယင်း၏ နျူကလီးယားရေငုပ်သင်္ဘော Emeraudeနှင့် ထောက်ပံ့ရေးသင်္ဘော Seine ကို တောင်တရုတ်ပင်လယ်သို့ စေလွှတ်ခဲ့ပြီး အောက်တိုဘာလတွင် အချက်ပြ ထောက်လှမ်းရေးသင်္ဘော Dupuy de Lomeကို ရေလက်ကြားကိုဖြတ်၍ စေလွှတ်ခဲ့ကြောင်း Taiwan News သတင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly