တရုတ်၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ထိုင်ဝမ်သို့ သွားမည်

တရုတ်၏ ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ထိုင်ဝမ်သို့ သွားမည်

၂၀၂၁ခုနှစ် သမ္မတထရမ့်ရာထူးသက်တမ်းကုန်ဆုံးချိန် ရာထူးမှ အနားယူရချိန်တွင် တရုတ်၏ ဒဏ်ခတ်ပိတ် ဆို့ခံခဲ့ရသည့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မိုက်ခ် ပွန်ပီယိုသည် ထိုင်ဝမ်သို့ လာမည့် သီတင်းပတ် တွင် သွားရောက်မည်ဖြစ်ပြီး သမ္မတစိုင်အမ်ဝမ်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရက ဖေဖော်ဝါရီ ၂၁ရက်က အတည်ပြုလိုက်သည်။

ပွန်ပီယိုနှင့် ဇနီးဖြစ်သူတို့သည် မတ် ၂ ရက်မှ ၅ ရက်အထိ ထိုင်ဝမ်သို့ သွားရောက်မည့်ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူနှင့်လည်း တွေ့ဆုံကာ အကြံပေးပညာရှင်များအဖွဲ့တစ်ဖွဲ့တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း မိုက်ခ် ပွန်ပီယိုက ထိုင်ဝမ်ရဲ့ ခိုင်မာအားကောင်းတဲ့ မိတ်ဆွေဟောင်း တစ်ဦးဖြစ်ပြီး သူတာဝန်ယူချိန်အတွင်း ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးကို မြှင့်တင်ရာမှာ ပြောင်မြောက်တဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်း၏ ခရီးစဉ်သည် ထိုင်ဝမ်နှင့် ပတ်သက်ပြီး အမေရိကန်ပါတီကြီး ၂ ခု၏ ခိုင်မာသောထောက်ခံမှုနှင့် ထိုင်ဝမ်-အမေရိကန်နီးစပ်သော ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည်ဟုလည်း ထည့်သွင်း ရေးသားထားသည်။

အမေရိကန် ထိပ်တန်းအရာရှိများ ထိုင်ဝမ်သို့ လာရောက်လည်ပတ်ခြင်းနှင့် အဆင့်မြင့်လက်နက်များ ရောင်းချမှု အပါအဝင် တရားဝင် သံတမန်ဆက်ဆံရေးမရှိခဲ့သော်လည်း ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က ထိုင်ဝမ်ကို အခိုင်အမာ ထောက်ခံခဲ့သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် သမ္မတဂျိုးဘိုင်ဒင် ရာထူးရယူချိန်တွင် တရုတ်နိုင်ငံသည် ပွန်ပီယိုအပါအဝင် ထရမ့်အစိုးရလက်ထက် ထိပ်တန်းအရာရှိ ၂၇ ဦးတို့ကို လိမ်လည်လှည့်ဖြားမှုအတွက်ဆိုကာ ပိတ်ဆို့ အရေး ယူမှုများချမှတ်ခဲ့သည်။

ပေကျင်းမြို့ရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ပွန်ပီယိုသည် ၎င်း၏ တရုတ်ဆန့်ကျင်ရေး လုပ်ရပ်များကြောင့် တရုတ်နိုင်ငံ၏ ပိတ်ဆို့အရေးယူခြင်းခံခဲ့ရကြောင်း မှတ်ချက်ပြု ခဲ့သည်။

တရုတ်က ထိုင်ဝမ်အား ယင်း၏ အချုပ်အခြာအာဏာကို လက်ခံရန် တွန်းအားပေးရန် ကြိုးပမ်းသည့်အနေဖြင့် လွန်ခဲ့သည့် ၂ နှစ်အတွင်း စစ်ရေးနှင့် သံတမန်ရေးရာ ဖိအားများကို ပိုမိုပေးလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly