အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က Orchestra ပွဲပြုလုပ်မည်

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က Orchestra ပွဲပြုလုပ်မည်

ဇန်နဝါရီ ၁၉ ။             ။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ၏ သံစုံတီးဝိုင်းနှင့် ဂီတအမျိုးအစားများ ပေါင်းစပ်တင်ဆက်မည့် Music Show Case 2016 (NUAC) Orchestra ကို ဖေဖော်ဝါရီလ ၅ ရက် တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ဖျော်ဖြေတင်ဆက်မည်ဟု ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က ပြောကြားသည်။

ဂီတဝါသနာပါသည့်သူများအနေဖြင့် မြန်မာ့ဂီတကိုပိုမိုစိတ်ဝင်စားလာရန်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က ကျောင်းသားများပွဲအတွေ့အကြုံရရှိစေရန်၊ တက္ကသိုလ်၏ ပုံရိပ်ကိုမြင့်တင်ရန် ကျင်းပရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

သံစုံတီးဝိုင်းဖျော်ဖြေတင်ဆက်မှုကို Orchestra Solo, Rock, Pop, EDM, HipHop ဟု အပိုင်း ၅ ပိုင်းခွဲဖျော်ဖြေမည်ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဂီတပညာဌာန ပါမောက္ခဦးမောင်မောင်ဇော်ထက်(အကယ်ဒမီဓိရာမိုရ်) က ပြောသည်။

''ဂီတသံစုံတီးဝိုင်းကို ခေတ်ပေါ်ဂီတ၊ မြန်မာတူရိယာတွေနဲ့တီးခတ်လို့ရပါလားဆိုတာတွေပြမယ်။ မိုးဇက်ရဲ့သီချင်းတွေကို မြန်မာ့တူရိယာမောင်းနဲ့တီးပြမယ်။ အခုနာမည်ကြီးနေတဲ့ စိုင်းစိုင်းတို့ ဝေလတို့ သီချင်းတွေတီးပြမယ်။'' ဟု ၎င်းဆိုသည်။

တူရိယာအစုံတီးခတ်မှုအား အကယ်ဒမီ ဓီရာမိုရ်က ဦးဆောင်ပြီး တီးခတ်သူ ၆၀ ဦး ကျော်၊ နောက်ကွယ်အသံအင်အား ၃၀ ဦးကျော်ပါဝင်မည်ဖြစ်ကာ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ ဝေလ၊ DJ ဝိုင်း၊ နီနီခင်ဇော်နှင့် ချမ်းချမ်းတို့အားဖြည့်တင်ဆက်မည်ဖြစ်သည်။

ဂီတပွဲဖြစ်မြောက်ရန် Shark အချိုရည်၊ Xenon Entertainment ၊ ဧရာဝတီဘဏ် တို့ကကူညီပေး၍ လက်မှတ်ဈေးနှုန်းမှာ နှစ်သောင်းကျပ်၊ တစ်သောင်းကျပ်နှင့် ရှစ်ထောင်ကျပ်ဖြစ်ပြီး 1876 Call Center တွင် ဇန်နဝါရီ ၂၅ ရက်နေ့မှစတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

လက်မှတ်ရောင်ရငွေများအားလုံးကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) သို့လှူဒါန်းမည်ဟု Xenon Entertainment ၏ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမင်းဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly