ဆွစ်ဇာလန်က ရုရှားကိုဆန်ရှင်ချမှတ်၊ အစဉ်အလာကြားနေဝါဒကို စွန့်လွှတ်ပြီ

ဆွစ်ဇာလန်က ရုရှားကိုဆန်ရှင်ချမှတ်၊ အစဉ်အလာကြားနေဝါဒကို စွန့်လွှတ်ပြီ

ဖေဖော်ဝါရီလ ၂၈ ရက်

ဥရောပသမဂ္ဂက ရုရှားအပေါ်ချမှတ်သော ပိတ်ဆို့တားမြစ်မှုဆန်ရှင်များအတိုင်း ဆွစ်ဇာလန်ကလည်းလိုက်လုပ်မည်ဟု တနင်္လာနေ့ကကြေညာလိုက်ပြီး အစဉ်အလာအားဖြင့် ကြားနေဝါဒ လက်ကိုင်ထားခြင်းကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။  

ယူကရိန်းနိုင်ငံကို ကျူးကျော်မှုလုပ်သည့်ရုရှားကို အပြစ်ပေး အရေးယူခြင်းနှင့်ပတ်သက်၍ ဆွစ်ဇာလန်အစိုးရက ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာတွင် " ရုရှားက ယူကရိန်းမှာ စစ်ရေးအရဝင်စွက်မှုတွေဆက်လုပ်နေတဲ့အပေါ် အီးယူက ဖေဖော်ဝါရီ ၂၃ နဲ့ ၂၅ တွေမှာ ဆန်ရှင်အစုလိုက်ပြဌာန်းတဲ့အတိုင်း လုပ်ဆောင်ဖို့ ဖက်ဒရယ်ကောင်စီက ဖေဖော်ဝါရီ ၂၈ မှာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်" ဟု ပါရှိသည်။ 

ဆွစ်ဇာလန်၏ဆန်ရှင်တွင် ရုရှားနိုင်ငံသားများနှင့် ရုရှားကုမ္ပဏီများကို ပိတ်ဆို့အရေးယူမှုလုပ်မှာဖြစ်ကာ ရုရှား ၃၆၃ ဦးနှင့် ကုမ္ပဏီလေးခုတို့ကို သက်ရောက်မှာဖြစ်သည်။

ထို့အပြင်ဆွစ်ဇာလန်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဝန်ကြီးချုပ် မီးခေးလ် မီရှုစတင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်တို့၏ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ်ခြင်းလည်းလုပ်မှာဖြစ်သည်။ 

ဥရောပနိုင်ငံများ၏ဆန်ရှင်များနှင့်နှိုင်းစာလျှင် ဖြိုခွင်းရန်ခဲယဉ်းသော မော်စကိုကိုအပြစ်ပေးသည့်အရေးယူမှုတွင် ရိုက်ခတ်မှုကတော့ ထိရောက်သိသာဖွယ်ရှိသည်။ အယ်လ်ပိုင်းတောင်တန်းများက ချမ်းသာကြွယ်၀သောနိုင်ငံသည် ဗြိတိန်၊ စပိန်၊ လူဇင်ဘတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ထက် ရုရှားတသီးပုဂ္ဂလများ၏ ငွေကြေးအလွှဲအပြောင်းကို ပိုများစွာလက်ခံရယူလေ့ရှိသောနိုင်ငံဖြစ်သည်ဟု မော်စကိုရှိ ဆွစ်သံရုံးကစုစည်းတင်ပြသော အစီရင်ခံစာအရသိရသည်။ 

" ကမ္ဘာတစ်လွှားက ရုရှားသူဌေးရဲ့ ဓနဥစ္စာကိုစီမံခန့်ခွဲတဲ့နေရာမယ် ဆွစ်ဇာလန်က အရေးကြီးဆုံးနေရာအဖြစ်ရှိနေခဲ့တာ နှစ်တွေကြာလှပြီ" ဟု အစီရင်ခံစာတွင်ပါရှိကာ ၂၀၂၀ ပြည့်နှစ်တွင် ရုရှားအခွန်ဆောင်သူများက ဆွစ်ဇာလန်သို့လွှဲသောအသားတင်ငွေသားသည် ဒေါ်လာ ၂.၅ ဘီလီယံရှိသည်ဟုဆိုသည်။ ဆွစ်သတင်းဌာန SDA-ATS အဆိုအရ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် အသားတင်ငွေလွှဲမှု ဒေါ်လာ ၁.၈ ဘီလီယံရှိသည်ဟု အစီရင်ခံသည်။ 

ဆွစ်ဇာလန်အစိုးရက " ဆွစ်ဇာလန်သည် ယူကရိန်းနှင့် ၎င်းလူထုနှင့်အတူ သွေးစည်းညီညွတ်စွာရပ်တည်သွားမည်၊ ပိုလန်နိုင်ငံကိုထွက်ပြေးသွားရသော (ယူကရိန်း) လူထုအတွက်လည်း အကူအညီများပေးပို့သွားမည်။" ဟု ပြောကာ ပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးရန် ကြားခံဆောင်ရွက်ပေးမည်ဟုလည်း ထပ်မံကမ်းလှမ်းလိုက်သည်။

မော်စကို၏ နိုင်ငံတကာဥပဒေဆိုးဆိုးရွားရွားချိိုးဖောက်မှုအပေါ် အနောက်နိုင်ငံများနှင့်အတူ သွေးစည်းညီညွတ်ရေးပြလိုခြင်းနှင့် ၎င်း၏အစဉ်အလာကြားနေရပ်တည်ခြင်းဆိုသည့် မျဉ်းပေါ်တွင်   ဆွစ်ဇာလန်က အကွေ့အဝိုက်များနှင့်လျှောက်လှမ်းခဲ့ပြီး ကြားဝင်စေ့စပ်သူဖြစ်လာနိင်သည်ဟု ပြောလေ့ရှိသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly