စစ်အာဏာသိမ်းပြီးနောက် ပလက်ဝဒေသခံ ၁၅၀၀ ကျော် အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်နေရ

စစ်အာဏာသိမ်းပြီးနောက် ပလက်ဝဒေသခံ ၁၅၀၀ ကျော် အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်နေရ

ဖေဖော်ဝါရီလ ၂၈ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီတပ်များနှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ် တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူ ၁၅၅၇ ဦး အိန္ဒိယနိုင်ငံသို့ တိမ်းရှောင် နေရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ  မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာသည့် ပလက်ဝ ဒေသခံ စစ်ဘေးရှောင်များကို နေရာ ၁၇ ခုခွဲထားပြီး နေထိုင် စားသောက်ရေး ကူညီပေးထားကြောင်း သိရသည်။

''ပလက်ဝမှာ ၂၀၁၅ နောက်ပိုင်းမှာ AA နဲ့ စစ်တပ်တွေ တိုက်ပွဲဖြစ်ကြတော့ ကျေးရွာတွေက စစ်ဘေးရှောင် တွေက မြို့ပေါ်ကို ပြေးလာကြတယ်။ ပလက်ဝမြို့ပေါ်မှာ ဆိုရင်လည်း စစ်ရှောင်စခန်းတွေ ဖွင့်ပြီး ကူညီမှုတွေ လုပ်ပေးထားတယ်။ ဆမီးမြို့ စစ်ရှောင်စခန်းတွေမှာ ဆိုရင်လည်း ဒီလိုဘဲ ကူညီမှုတွေ ပေးကြတယ်။ အခုတော့ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ကျေးရွာက သူတွေက မြို့ပေါ် မလာရဲတော့ဘူး။ နီးစပ်ရာ လူတွေစုပြီးတော့ တစ်ဖက်နိုင်ငံ မီဇိုရမ်ထဲကိုပဲ ဝင်ပြေးကြရတော့တယ်'' ဟု ပလက်ဝ စစ်ဘေးရှောင်များကို ကူညီမှုပေးနေသူက ပြောသည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေသည့်  အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် ၃၀၀၀၀ ကျော် ရှိနေကြောင်း သိရသည်။

''ဘာကြောင့် ထွက်ပြေးကြလဲ ဆိုရင် ကြောက်လို့ပေါ့။ မတရားသဖြင့် ဖမ်းဆီးတာတွေ ရှိတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဖမ်းသွားတဲ့ သင်းအုပ်ဆရာ အပါဝင် တိုင်ဝအုပ်စု၊ ပါဝကျေးရွာက ရွာသား ၂၅ ယောက်ဆိုရင် ပုဒ်မနှစ်ခုတောင် တပ်ပြီး အခု ပလက်ဝမြို့ပေါ်မှာ ဖမ်းထားကြတယ်။ မင်္ကာရင် ဖမ်းဆီး ရိုက်နှက်ကြတော့ မ နေရဲကြတော့ဘူး'' ဟု ထွက်ပြေး တိမ်းရှောင်လာသူ တစ်ဦးက ဆိုသည်။

လက်ရှိ စစ်ကောင်စီတပ်က ဆမီးမြို့ အထက်ပိုင်း အဝင်အထွက်များ ပိတ်ထားသဖြင့် စားနပ်ရိက္ခာ သယ်ဆောင်ရာတွင် အခက်အခဲများ ရှိနေပြီး မကြာမီ အငတ်ဘေး ကြုံနိုင်သည့် အတွက် ကျေးရွာသားများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား မီဇိုရမ် အစိုးရ၊ ဘာသာရေး အသင်းတော်များ၊ NGO များနှင့် မီဇိုရမ် ပြည်သူလူထုက ကူညီထောက်ပံ့မှုများ ပေးနေသော်လည်း နယ်စပ် စစ်ဘေးရှောင် စခန်းများတွင် နေထိုင်သူများ အခက်အခဲ ကြုံနေရဆဲ ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required