သီးနှံလျော်ကြေးရရှိရန် တောင်းဆိုသော လက်ပံတောင်းတောင် ဒေသခံများ ပုဒ်မ၁၈ဖြင့်အမှုဖွင့်ခံရ

သီးနှံလျော်ကြေးရရှိရန် တောင်းဆိုသော လက်ပံတောင်းတောင် ဒေသခံများ ပုဒ်မ၁၈ဖြင့်အမှုဖွင့်ခံရ
လက်ပံတောင်းတောင်ဒေသခံများ ဆန္ဒထုတ်ဖော်နေစဉ်။ ဓါတ်ပုံ-ဒေသခံတစ်ဦး။

မုံရွာ၊ ဇန်နဝါရီ ၁၉ ။            ။ တစ်နှစ်စာ သီးနှံလျော်ကြေးရရှိရန် နှင့် မြေယာလျော်ကြေးရရှိရန် မြန်မာဝမ်ပေါင် ကုမ္ပဏီရှေ့တွင် သွားရောက် ဆန္ဒပြတောင်းဆိုကြသော လက်ပံတောင်း ဒေသခံများ      ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခံထားရကြောင်း ဒေသခံများကပြောသည်။

"ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်လို့ပဲ အသံကြားတယ်။ ဆင့်ခေါ်တာ အကြောင်းကြားတာ တွေမရှိသေးပါဘူး။ သီးနှံလျော်ကြေး ရရှိဖို့အတွက် ဆက်လက်တောင်းခံနေမှာပါ"ဟု ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခံရသူ ဒေါ်မာချိုက ပြောသည်။

တစ်နှစ်စာ သီးနှံလျော်ကြေး ရရှိရန် ဒီဇင်ဘာလအတွင်းမှ စာတင်တောင်းဆိုခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း တစ်စုံတစ်ရာ မရှိသည့်အတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

"သီးနှံလျော်ကြေး ရရှိဖို့ကိုပဲ တောင်းဆိုတာပါ။ အဲ့ဒါအတွက် နေ့စဉ် မြန်မာဝမ်ပေါင် ရုံးရှေ့သွားတာပါ။ ပုသိမ်-မုံရွာ လမ်းဆုံမှာ ရဲတပ်ဖွဲ့တွေက တားဆီးထားတဲ့ အတွက် အဲ့ဒီနေရာမှာပဲ ကြွေးကြော် ဆန္ဒပြပြီး ပြန်လာခဲ့ရပါတယ်။"ဟု ပုဒ်မ ၁၈ဖြင့် အမှုဖွင့်ခံရသူ မစန္ဒာက ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်က ပုသိမ်-မုံရွာ လမ်းဆုံတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး၊ တစ်နှစ်စာ သီးနှံလျော်ကြေးရရှိရေး၊ စသည့်တို့ကို ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး တရုတ်လူမျိုး မစ္စတာ ဂမ်းရီနှင့်မစ္စတာလောစုံ အမည်ပါသော အခေါင်း(၁)ခုဖြင့် ဗြောက်အိုးဖောက်ကာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကျရှုံးပါစေ ဟု ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် အတွက် လက်ပံတောင်းတောင်ဒေသခံများအား ဆားလင်းကြီးမြို့မရဲစခန်း(ပ)၁၈/၂၀၁၆၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly