တနင်္သာရီမြို့ တကူရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၊ နေအိမ် ၂ လုံး ထိမှန်

တနင်္သာရီမြို့ တကူရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၊ နေအိမ် ၂ လုံး ထိမှန်

ဖေဖော်ဝါရီလ ၂၈ ရက်

မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူရွာကို ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ် နှစ်လုံး ထိမှန်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ အင်အား ၁၅၀ ခန့်သည် တကူကျေးရွာအုပ်စု ကျောက်စရစ်ရွာဘေး မြစ်၏ တစ်ဘက်ကမ်းတွင် နေရာယူ တပ်စွဲပြီး စတင် ပစ်ခတ်ခဲ့သည်ဟု ဒေသခံက ဆိုသည်။

"တကူကျေးရွာ အုပ်စုမှာ ရှိတဲ့ သံတိုက်ရပ်ကွက်ထဲမှာ ပြည်သူ့ ကာကွယ်ရေး အဖွဲ့တွေ ရောက်နေတယ် ဆိုပြီး ဒလန်တွေက သတင်းပေးလို့ စစ်တပ်က လာရောက် ပစ်ခတ်သွားတာ ဖြစ်တယ်" ဟု တကူကျေးရွာနေ ဒေသခံက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ သည် ရွာထဲ၌  မရှိဟု ဆိုသည်။

"လူတွေကတော့ ထိခိုက်မှု မရှိခဲ့ဘူး။ စစ်တပ်က စပစ်တဲ့ ချိန်မှာ ပြည်သူတွေ ထွက်ပြေး တိမ်းရှောင် နေရတယ်"လို့ ဒေသခံ တစ်ဦးက ဆိုသည်။

ယင်းကျေးရွာကို  စစ်ကောင်စီ တပ်ဖွဲ့က နံနက် ၇ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ ပစ်ခတ်သော်လည်း မည်သည့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ ပြန်လည် တိုက်ခိုက် ခဲ့ခြင်းမျိုး မရှိခဲ့ဟု ဒေသခံထံက သိရသည်။

ပစ်ခတ်မှု ရပ်နားပြီးချိန်တွင် သံတိုက် ရပ်ကွက်ထဲသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာပြီး စစ်ဆေးမှုများ ပြုလုပ်ကာ ပြည်သူများကို ဖမ်းဆီးမှုများ ရှိသည်ဟု ဒေသခံက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required