ပါကစ္စတန် အမျိုးသားလုံခြုံရေးအကြံပေးနှင့် Microsoft တည်ထောင်သူ ဘီလ်ဂိတ်တို့ တွေ့ဆုံ

ပါကစ္စတန် အမျိုးသားလုံခြုံရေးအကြံပေးနှင့် Microsoft တည်ထောင်သူ ဘီလ်ဂိတ်တို့ တွေ့ဆုံ

ပါကစ္စတန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုအိဒ် ယူဆက်ဖ်သည် ပြီးခဲ့သည့် ရက်ပိုင်းက ရောက်ရှိလာသည့် Microsoft ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ သည်။

ဘဏ္ဍာရေး အကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့နေရသည့် ပါကစ္စတန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအကြံပေး အရာရှိသည် နာမည်ကျော် သူဌေးကြီး ဘီလ်ဂိတ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဘီလ်ဂိတ်နှင့် ကိုယ်စားလှယ်အဖွဲ့ကို အာဖဂန်နစ္စတန်အရေးဆိုင်ရာ ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်ညှိနှိုင်းရေးဌာန (AICC) ၌ လက်ခံတွေ့ဆုံနိုင်ခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက်မိကြောင်း ပါကစ္စတန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုအိဒ် ယူဆက်ဖ်က ဖေဖေါ်ဝါရီ ၁၇ ရက်တွင် ပြောခဲ့သည်ဟု Daily Times က ဖော်ပြသည်။

ပါကစ္စတန်သို့ ပထမဆုံးအကြိမ် တစ်ရက်တာ ခရီးစဉ် လာရောက်သည့် Microsoft ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်နှင့် တွေ့ဆုံခဲ့မှုနှင့်ပတ်သက်ပြီး ၎င်း၏ အမြင်သဘောထားများကို မိုအိဒ် ယူဆက်ဖ်က တွစ်တာ၌ ထုတ်ဖော်ရေးသားခဲ့ရာတွင် “အေအိုင်စီစီမှာ ဘီလ်ဂိတ်နဲ့ အဖွဲ့ကို လက်ခံတွေ့ဆုံရတဲ့အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပါကစ္စတန်ကျွမ်းကျင်ပညာရှင်တွေနဲ့အကြား သိပ်ကို အကျိုးရှိတဲ့ ဆွေးနွေးမှုတစ်ခု လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု မိုအိဒ်က တွစ်တာတွင် ရေးသည်။

ပါကစ္စတန်သည် လက်ရှိအချိန်တွင် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံ၏ ကုန်သွယ်လိုငွေပြမှုကလည်း အမြင့်ဆုံးအတိုင်းအတာကို ထိုးတက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required