CPEC စီမံကိန်းမှ အကျိုးအမြတ်ရရှိမှု လျော့ကျမည်ကို ပါကစ္စတန်အစိုးရ စိုးရိမ်နေ

By Russia Herald
27 February 2022
CPEC စီမံကိန်းမှ အကျိုးအမြတ်ရရှိမှု လျော့ကျမည်ကို ပါကစ္စတန်အစိုးရ စိုးရိမ်နေ

ပါကစ္စတန်နိုင်ငံ စိန်းဒက်ခ်မြို့တွင် ဖော်ဆောင်လျက်ရှိသည့် CPEC (တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်) စီမံကိန်းတစ်ခု၌ ကြိုတင်မခန့်မှန်းနိုင်သော စရိတ်စကများ ရှိနေနိုင်သည်ဟု အဆင့်မြင့်အရာရှိကြီးတစ်ဦးက ထုတ်ဖော်သတိပေးခဲ့ပြီးနောက် ယခုအခါ အစိုးရသည် ထိုပရောဂျက်ကနေ ယင်း၏ အကျိုးအမြတ်ရရှိမှု လျော့ကျမည်ကို စိုးရိမ်ပူပန်လျက် ရှိကြောင်း Business Recorder သတင်းဌာနက ဖော်ပြသည်။

စိန်းဒက်ခ် ကြေးနီ-ရွှေ စီမံကိန်း၏ လုပ်ငန်းလည်ပတ်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုပိုင်းတွင် ကြိုတင်မခန့်မှန်းနိုင်သော ကုန်ကျမှုစရိတ်စကများ ရှိနေပါက ယင်းသည် အစိုးရ၏ ဝေစု/အကျိုးအမြတ်များကို လျော့ကျစေနိုင်သည်ဟု CPEC အာဏာပိုင်အဖွဲ့၏ ဥက္ကဋ္ဌက ပါကစ္စတန်အစိုးရကို သတိပေးခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Business Recorder သတင်းဌာနက ဖော်ပြသည်။

လုပ်ငန်းနှင့်ပတ်သက်ပြီး ကုန်ကျမှု စရိတ်စကများကို မှန်မှန်ကန်ကန် စာရင်းသွင်းမှတ်တမ်းတင်ထားခြင်း ရှိ၊မရှိ ဆိုသည်ကို သေချာစေရန် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီတစ်ခုကို ငှားရမ်း ဆောင်ရွက်သင့်ကြောင်း ဥက္ကဋ္ဌက အကြံပြုခဲ့သည်ဟု သိရသည်။

ပါကစ္စတန်အစိုးရပိုင် Saindak Metals Ltd (SML) နှင့် တရုတ်၏ Metallurgical Corporation of China (MCC) အကြား စိန်းဒက်ခ် ကြေးနီ-ရွှေ စီမံကိန်း၏ ငှားရမ်းမှု ကန်ထရိုက် ကာလကို ၂၀၂၂ နိုဝင်ဘာ ၁ ရက်မှ ၂၀၃၇ အောက်တိုဘာ ၃၁ ရက်အထိ ၁၅ နှစ်တာကာလ သက်တမ်းတိုးရေး အဆိုပြုချက်ကို စဉ်းစား သုံးသပ်ပေးရေး အတွက် ပါကစ္စတန် စီးပွားရေးဆိုင်ရာ ညှိနှိုင်းချိတ်ဆက်မှု ကော်မတီ (ECC) ထံ ပန်ကြားထားကြောင်း The Business Recorder သတင်းဌာနက ဖေဖေါ်ဝါရီ ၉ ရက်တွင် ဖော်ပြသည်။

ထို့ပြင် SML စီမံခန့်ခွဲမှုနှင့် MCC တို့ လက်မှတ်ထိုးသွားရန် ရှိသည့် ငှားရမ်းမှု ကန်ထရိုက်စာချုပ်၏ ဆက်စပ် ဖြည့်စွက်ချက်ကိုလည်း အတည်ပြုပေးရန် ECC ထံ ပန်ကြားထားသည်ဟု ယင်းသတင်းဌာနက ဖော်ပြသည်။

တရုတ်တာဝန်ရှိသူများသည် ပါကစ္စတန်ရှိ CPCE ပရောဂျက်အများအပြား၌ တိုးတက်မှု နှေးကွေးနေခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ အလိုမကျမှုများကို ပါကစ္စတန်ထံ ထုတ်ဖော်ထားပြီး စီမံကိန်းကို အချိန်နှင့် တပြေးညီ အပြီးသတ်လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း သိရသည်။

ထို့ပြင် ဒေသဧရိယာတချို့ရှိ CPCE ပရောဂျက်များအနီး တိုက်ခိုက်မှုများ မြင့်တက်နေခြင်း၊ ယင်းပရောဂျက်များ အခြေစိုက်သည့် မြို့ကြီးများတွင် ပြည်တွင်းဆန္ဒပြမှုများ မြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး တရုတ်အစိုးရက ယင်း၏ သဘောမကျမှုများကို အီမရန် ခန်းအစိုးရထံ ထုတ်ဖော်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly