ပါကစ္စတန်တွင် သန္ဓေတားပစ္စည်းများကို အခွန်ကောက်ခံမှုအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေ

By Big News Network
27 February 2022
ပါကစ္စတန်တွင် သန္ဓေတားပစ္စည်းများကို အခွန်ကောက်ခံမှုအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေ

ပါကစ္စတန်အစိုးရနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) အကြား ရရှိထားသည့် ဒေါ်လာ ၆ ဘီလီယံ အကူအညီပေးအပ်မှု သဘောတူညီချက်တစ်ရပ်ကြောင့် ယင်းနိုင်ငံတွင် သန္ဓေတားပစ္စည်း ထုတ်ကုန်များအပေါ် များပြားသည့် အခွန်အကောက်များ ကောက်ခံလာနိုင်ပြီး ယင်းကနေတဆင့် လူဦးရေတိုးပွားမှု ထိန်းချုပ်ရေး အစီအမံများအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိလာနိုင်သည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုခဲ့သည်။

ပါကစ္စတန်အစိုးရနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့၏ သဘောတူညီချက် ထွက်ပေါ်ပြီးနောက် ယင်းနိုင်ငံတွင် ငွေကြေးဖောင်းပွမှု လှိုင်းသစ်တစ်ခု ဖြစ်လာမည့်အရေး စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် အစိုးရနှင့် IMF အာဏာပိုင်များအနေဖြင့် ထိုကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရန်နှင့် သန္ဓေတားမှု ထုတ်ကုန်များအပေါ် အခွန်ကောက်ခံခြင်းမှ ရှောင်ကြဉ်ရန် ပါကစ္စတန် တက်ကြွလှုပ်ရှားသူနှင့် လူမှုဆိုင်ရာ အမှုထမ်းတစ်ဦးဖြစ်သည့် ရှီဟ်ဇက်ဒ် ရွိုင်းက ဖေဖေါ်ဝါရီ ၁၈ ရက်တွင် တွစ်တာမှတဆင့် တောင်းဆိုခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

“ပါကစ္စတန်မှာ ရှိတဲ့ လင်မယားစုံတွဲ ၁၇ ရာခိုင်နှုန်းဟာ သန္ဓေတားကိရိယာတွေနဲ့ သန္ဓေတားဆေးတွေကို သုံးချင်ကြပါတယ်။ ဒါပေမယ့် သူတို့ သုံးခွင့်မရနိုင်ဘဲဖြစ်နေပါတယ်။ ဒီလို အခြေအနေမျိုးမှာ သန္ဓေတားပစ္စည်းတွေကို အခွန်ကောက်တာက လူဦးရေ တိုးပွားမှုအပေါ် တိုက်ရိုက် ထိခိုက်သက်ရောက်စေပါလိမ့်မယ်။ ဒါကြောင့် အခွန်အကောက်တွေ လျှော့ပေါ့ပေးဖို့နဲ့ လူဦးရေအဆမတန် တိုးပွားမှုက ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး ခိုင်မာအားကောင်းတဲ့ မက်ဆေ့ချ်တစ်ခု

ပေးဖို့အတွက် ကျွန်တော့်အနေနဲ့ IMF ၊ ဝန်ကြီးချုပ် အီမရန်ခန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ရှောကက် တာရင်တို့ကို မေတ္တာရပ်ခံပါတယ်” ဟု ရွိုင်းက တွစ်တာတွင် ရေးခဲ့သည်။

“ပြည်တွင်းကို တင်သွင်းတဲ့ သန္ဓေတားပစ္စည်းတွေကိုပဲ အခွန်ကောက်တယ် ဆိုတာနဲ့ ဒါတွေကို အထက်တန်းလွှာတွေကပဲ အသုံးပြုနေတယ် ဆိုပြီး နားလည်မှုလွဲနေတာတစ်ခု ရှိပါတယ်” ဟု ၎င်းက ပြောသည်။

“ပြည်ပကနေ ပြည်တွင်းကို တင်သွင်းတဲ့ သန္ဓေတားပစ္စည်းတွေထဲမှာ လက်မောင်းတွင်း ထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်းတွေ နဲ့ IUDs လို့ ခေါ်တဲ့ သားအိမ်ထဲထည့်တဲ့ ကိရိယာ တို့ ပါဝင်ပါတယ်။ လက်မောင်းတွင်း ထည့်သွင်းရတဲ့ ပစ္စည်းတွေကို ၅နှစ် ၁ကြိမ် အသစ်လဲဖို့ လိုသလို သားအိမ်အတွင်းထည့်တဲ့ ကိရိယာတွေကိုတော့ ၁၂ နှစ်တိုင်း တစ်ကြိမ် အသစ်လဲဖို့ လိုအပ်ပါတယ်။ ဒါတွေက ကာလကြာ ပြောင်းလဲသုံးနိုင်တဲ့ သန္ဓေတားပစ္စည်းတွေဖြစ်ပြီး သားကြောဖြတ်မှု အစား အသုံးပြုပါတယ်။ ဒါတွေနဲ့ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ဆရာဝန်ဆီကို မကြာခဏ သွားဖို့ မလိုအပ်တာကြောင့် တော်တော့်ကို အဆင်ပြေပါတယ်။ ဆန့်ကျင်ဘက်အခြေအနေကတော့ ပြည်တွင်းမှာ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေကတော့ သောက်ဆေးနဲ့ ထိုးဆေးတွေ ဖြစ်ပါတယ်။ ဆေးတစ်လုံးကို နေ့တိုင်းသောက်ရပြီး ထိုးဆေးမှာတော့ ၁လကြာ တားဆေးနဲ့ ၃လကြာ တားဆေးဆိုပြီး ရှိပါတယ်။ ဒီလိုဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ဆရာဝန်တစ်ယောက်ယောက်ဆီ ထပ်တလဲလဲ လာပြရမယ်လို့ အဓိပ္ပါယ်ရပါတယ်” ဟု ရွိုင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly