ပါကစ္စတန်အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုနှုန်း မြင့်တက်

ပါကစ္စတန်အမျိုးသမီးများအပေါ် အကြမ်းဖက်ခံရမှုနှုန်း မြင့်တက်

ပါကစ္စတန်နိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားမှုများ မြင့်တက်နေပြီး မကြာသေးခင်က မိန်းကလေးငယ်များကို ပြန်ပေးဆွဲကာ အခြားပြည်နယ်များ၌ ပြန်ရောင်းစားမှုတွင် ပါဝင်ပတ်သက်နေသူ ၂ဦးကို လာဟိုးမြို့ တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြသည်။

မိန်းကလေးများကို ပြန်ပေးဆွဲပြီး အခြားသော ပြည်နယ်များ၌ ပြန်ရောင်းစားမှုဖြစ်စဉ်တစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု လာဟိုးမြို့မှ အကြီးတန်း ရဲမှူး အီမရန် ကစ်ရှ်ဝါက ဖေဖေါ်ဝါရီ ၁၅ ရက် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားကြောင်း Dawn သတင်းဌာနက ကိုးကားဖော်ပြသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ပြစ်မှုကျူးလွန်သူများအဖြစ် ကြေညာခံထားရသူများဖြစ်ပြီး ၎င်းတို့၏ အမည်များမှာ ဖိုင်ဆယ်နှင့် အက်ရှ်ဖက် ဘတ်တို့ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ကာလအတွင်း ၎င်းတို့သည် ဒိုင်ယာ အက်ခရမ် အမည်ရ အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အလုပ်တစ်ခုပေးမည်ဟုဆိုပြီး လိမ်ညာသွေးဆောင်ကာ ကရာချိမြို့သို့ ခေါ်ဆောင်ခဲ့ကြောင်း ပါကစ္စတန် Dawn သတင်းစာက ဖော်ပြသည်။

ယင်းနောက် ၎င်းတို့သည် အဆိုပါမိန်းကလေးကို ဘာလိုချီစတန်သို့ နေရာပြောင်း ခေါ်ဆောင်ခဲ့ပြီး ဂျဟယ် မက်ဂ်ဆီခရိုင်ရှိ မြေရှင်တစ်ဦးထံ ရောင်းစားခဲ့ကြောင်း အဆိုပါသတင်းတွင် ပါရှိသည်။

၎င်းတို့ကို အခြား ပြစ်မှုများဖြင့်လည်း အလိုရှိနေပြီး ရဲမှူး အီမရန် ကစ်ရှ်ဝါ၏ အဆိုအရ ၎င်းတို့ ၂ ဦးအနက် ၁ဦးသည် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး အရာရှိတစ်ဦး ဟန်ဆောင်လျက် နိုင်ငံသားတစ်ဦးထံမှ ရူပီး ၁၀ သန်းကျော် ငွေညှစ်တောင်းခံထားခဲ့သည်ဟု သိရသည်။

ပါကစ္စတန်တွင် နှစ်စဉ် ဟိန္ဒူနှင့် ခရစ်ယာန်တို့အပါအဝင် ဘာသာရေးလူနည်းစုများမှ အသက်မပြည့်သေးသည့် မိန်းကလေးငယ်များနှင့် အမျိုးသမီးဦးရေ တစ်ထောင်နီးပါးခန့် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ဖြစ်စဉ် အများစုတွင် ၎င်းတို့သည် ပြန်ပေးဆွဲခံရပြီး အစ္စလမ်ဘာသာသို့ ကူးပြောင်းစေရန် အတင်းအကျပ် ခိုင်းစေခံရခြင်းနှင့် အတင်းအကျပ် လက်ထပ်ပေါင်းသင်းခံရခြင်းတို့နှင့် ကြုံတွေ့ရကြောင်း ယမန်နှစ်က အစီရင်ခံစာတစ်ရပ် ထွက်ရှိပြီးနောက်တွင် ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly