ပါကစ္စတန်၌ ဖိနှိပ်ခံရမည်ကို စိုးရိမ်ပြီး ဟာဇာရာမျိုးနွယ်စုဝင် လူငယ်များ ဩစတြေးလျနှင့် ဥရောပသို့ ဦးတည် နေကြ

By Australian News
27 February 2022
ပါကစ္စတန်၌ ဖိနှိပ်ခံရမည်ကို စိုးရိမ်ပြီး ဟာဇာရာမျိုးနွယ်စုဝင် လူငယ်များ ဩစတြေးလျနှင့် ဥရောပသို့ ဦးတည် နေကြ

ပါကစ္စတန်နိုင်ငံတွင် ပစ်မှတ်ထား ဖိနှိပ်ခံရမည့်အရေး စိုးရိမ်ပူပန်နေရသလို မသေချာ မရေရာသော အနာဂတ်တစ်ခုတို့ ရှိနေခြင်းကြောင့် ယင်းနိုင်ငံမှ ဟာဇာရာလူနည်းစုဝင် လူငယ်အများအပြားသည် ယခုအခါ ဩစတြေးလျနှင့် ဥရောပသို့ ဦးတည်ပြီး အန္တရာယ်များသည့် ခရီးလမ်းများကို စွန့်စွန့်စားစား သွားရောက်လျက် ရှိသည်။

ပါကစ္စတန်တွင် လူနည်းစုတစ်စုဖြစ်သော ဟာဇာရာ မျိုးနွယ်စုသည် ဘာလိုချီစတန်ပြည်နယ်၏ မြို့တော် ကွက်တာကို ရိုက်ခတ်ခဲ့သည့် ဆယ်စုနှစ်တစ်စုကြာ မငြိမ်မသက်မှုတစ်ခုအတွင်း မတရားသဖြင့် ဖိနှိပ်ခံထားခဲ့ရကြောင်း The Express Tribune တွင် ရေးသားနေသော ဘာလိုချီစတန်အခြေစိုက် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ရာဖီအူလာ မန်ဒေါ့ဟေးလ်က ပြောသည်။

ထုံးတမ်းအစဉ်အလာများနှင့် မျိုးနွယ်စု ဓလေ့ထုံးတမ်းများ ကြွယ်ဝသလို ပက်ရှ်တွန်လူမျိုးစုဝင်များ၊ ဘာလို့ချ်လူမျိုးစုဝင်များ နှင့် ဟာဇာရာ သန်းဝက်ကျော်ခန့် နေထိုင်သည့် ကွက်တာမြို့သည် တစ်ချိန်က ပါရီမြို့ အသေးစား ဟုပင် လူသိများခဲ့သည်။

သို့သော် နှစ်ကာလကြာလာခဲ့ပြီးနောက် ယင်းမြို့တွင် ဗုံးပေါက်ကွဲမှုများနှင့် အခြားသော အကြမ်းဖက်မှု လုပ်ရပ်များ မကြာခဏ ပေါ်ပေါက်လာခဲ့ခြင်းနှင့်အတူ ယဉ်ကျေးမှု အချက်အချာနေရာတစ်ခု ဆိုသည့် ထင်ရှားသော ဂုဏ်သတင်းကို လက်လွှတ်ခဲ့ရသည်။

အဓိကအားဖြင့် ရှီးယား မွတ်ဆလင်များ ဖြစ်ကြသည့် ဟာဇာရာများ အပါအဝင် လူနည်းစု အစုအဖွဲ့များမှ လူမျိုးစုဝင်များသည် အိုင်အက်စ် အပါအဝင် အစွန်းရောက်အုပ်စုများ မဆင်မခြင် ကျူးလွန်ခဲ့သည့် တိုက်ခိုက်မှုများ၏ ပစ်မှတ်များဖြစ်လာခဲ့ကြောင်း မန်ဒေါ့ခ်ဟေးလ်က ပြောသည်။

ကွက်တာတွင် ဟာဇာရာမျိုးနွယ်စုဝင် ၃,၀၀၀ ခန့် အသတ်ခံခဲ့ရကြောင်း ဟာဇာရာ ဒီမိုကရက်တစ်ပါတီက ခန့်မှန်းပြောဆိုသည်။ ပြည်နယ်၌ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကြောက်စရာကောင်းလောက်သည့် နှုန်းထားတစ်ရပ်ဖြင့် အရှိန်မြင့်တက်နေခဲ့သည့် ဂိုဏ်းဂဏဆိုင်ရာ အကြမ်းဖက်မှုများအတွင်း ဟာဇာရာမျိုးနွယ်စုဝင်များ အသတ်ခံခဲ့ရသည့်အတွက် ကလေးများ မိဘမဲ့ဖြစ်ကြရသလို အမျိုးသမီးများလည်း မုဆိုးမများ ဖြစ်ခဲ့ရသည်။

ရှီးယား ဟာဇာရာ အယောက် ၅၀၀ ခန့်သည် ၅နှစ်တာအတွင်း ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မရှင်၏ ၂၀၁၈ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

မငြိမ်မသက်မှုများ အရှိန်မြင့်တက်နေမှုကြောင့် ဆယ်ကျော်သက် အများအပြား အပါအဝင် ဟာဇာရာ မျိုးနွယ်စုဝင် လူငယ်များသည် ကွက်တာမှ ထွက်ခွာကာ ဥရောပနှင့် ဩစတြေးလျသို့ ဦးတည်ပြီး စွန့်စားသွားရောက်လျက် ရှိသည်။

လက်ရှိအချိန်တွင် ၎င်းတို့သည် ပညာရေးအခွင့်အလမ်းများ၊ အလုပ်နှင့် မိသားစုတို့ကို ချန်ထားခဲ့ရင်း ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ရှာဖွေရန် အန္တရာယ်များသော ခရီးလမ်းများကို ထွက်ခွာလျက် ရှိသည်ဟု The Express Tribune က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly