မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မြို့သာစက်မှုဇုန်စီမံကိန်း တားဆီး၍ ဖမ်းခံထားရသူကို ပထမဆုံးအကြိမ်ရုံးထုတ်

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ မြို့သာစက်မှုဇုန်စီမံကိန်း တားဆီး၍ ဖမ်းခံထားရသူကို ပထမဆုံးအကြိမ်ရုံးထုတ်
 ဓာတ်ပုံ-အောင်ကိုဦး

မန္တလေး၊ဇန်နဝါရီ ၁၉ ။          ။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မြို့သာစက်မှုဇုန် စီမံကိန်းဆောင်ရွက်ရန်သိမ်းယူခဲ့သော လယ်ယာမြေများ ကာလပေါက်ဈေးဖြင့်   လျှော်ကြေးရရှိရန်နှင့်လျော်ကြေးမပေးသေးဘဲစီမံကိန်းဆောင်ရွက်နေသည်ဟုဆိုကာ တားဆီးခဲ့သောဒေသခံများအနက် တစ်ဦးဖြစ်သူ ကိုဝင်းဦးကို ဇန်နဝါရီလ ၁၉ ရက်၊မွန်းလွဲ ၂ နာရီက ငါန်းဇွန်မြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ်အဖြစ်ရုံးထုတ်စစ်ဆေးခဲ့သည်။

အဆိုပါလယ်ယာမြေများ ကာလပေါက်ဈေးဖြင့် လျှော်ကြေးရရှိရန် ဆောင်ရွက်သည်ဟုဆိုကာ ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁၁ ရက်၊ညနေ ၅ နာရီတွင် ကိုဝင်းဦးနေထိုင်သည့်   တောင်အောက်ကျေးရွာသို့ လာရောက်၍ ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှ ပုဒ်မ ၄၄၇၊၁၄၃၊၁၄၇၊၅၀၅(ခ) တို့ဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံထားရသူ ကိုဝင်းဦးကဆိုသည်။

"လာဖမ်းမှသိတာပါ။ ဘာကြောင့်ဖမ်းမှန်းမသိဘူး။ အခုအဖမ်းခံရတာက မတရားအဖမ်းခံရတာပါ။ သူတို့စီမံကိန်းဆောင်ရွက်တဲ့အချိန် ကျွန်တော်တို့ရွာသူရွာသားတွေ ကတားတယ်။ ဆက်မလုပ်ဖို့တားကြတာပေါ့။ အများကြီးတားကြတာပါ။ အဲဒီအထဲကနေ ကျွန်တော့်ကိုလာဖမ်းတာပါ "ဟု ကိုဝင်းဦးကပြောသည်။

၂၀၁၄ခုနှစ်တွင် မြို့သာမြို့၊ ငါန်းဇွန်မြို့၊ မန္တလေးမြို့ များပေါ်သို့တက်၍ ဒေသခံ ၂၀၀ ဦးကျော်တို့က ဆန္ဒဖော်ထုတ်မှုများကို လေးကြိမ်ပြုလုပ်ခဲ့ကြပြီး ၂၀၁၅ခုနှစ်ဖေဖော်ဝါရီလက   လျော်ကြေးမယူသေးသည့် လယ်ယာမြေဧက တစ်ထောင်ကျော်ထဲသို့ စီမံကိန်း လာရောက်ဆောင်ရွက်နေသည်ကို သံဗို၊ တောင်အောက်၊ လိပ်ဝပ်တော၊ ရွာစိုက်နှင့် လက်ပံကျင်းကျေးရွာတို့မှ ဒေသခံ ၃၀၀ဦးကျော်က တားဆီးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

လက်ပံကျင်းကျေးရွာမှ လယ်ယာမြေ ၁၀ ဧက အသိမ်းခံရသူ မအေးနှင်းက "တားတုန်းကသူတစ်ဦးတည်းမဟုတ်ဘူး။ အားလုံးတားကြတာပါ။ ဖမ်းရင်အကုန်ဖမ်းလေ။ တစ်ယောက်တည်းဖမ်းတာဟာ နင်တို့လည်းသတိထား အချိန်မရွေးဖမ်းလို့ရတယ်ဆိုပြီး ခြိမ်းခြောက်တာပဲ။ ဒီလိုဖမ်းတာမကျေနပ်ဘူး။ ကျွန်မတို့မြေက ဘယ်သူမှလျော်ကြေးယူမထားဘူး။ အားလုံးက ကာလပေါက်ဈေးပေးမှယူမှာပဲ "ဟုပြောသည်။

အဆိုပါသိမ်းဆည်းလယ်ယာမြေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယာမြေ တစ်ဧက သိန်း၂၀၊စားကျက်မြေတစ်ဧက ၅ သိန်းနှုန်းပေးလျှော်သည်ကို ဒေသခံများကမယူခြင်းဖြစ်ပြီး လက်ရှိ ကာလပေါက်ဈေး၊ ယာမြေတစ်ဧက သိန်း၁၀၀ နှင့်စာကျက်မြေတစ်ဧက သိန်း၈၀ အထိပျမ်းမျှပေါက်ဈေးရှိသည်ဟု ဒေသခံများကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ငါန်းဇွန်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်မှူး က "၂၀၁၅ ခုနှစ် ဇူလိုင် ၁၅ ရက်ကတည်းက ဖမ်းဝရမ်းထုတ်ပြီးသားပါ။ ဒါကို အခုဖမ်းတာပါ။ ဘာမှပြောစရာမရှိပါဘူး။"ဟုပြောသည်။

လယ်ယာမြေလျှော်ကြေးများ ကာလပေါက်ဈေးဖြင့်ပေးလျှော်ရန်နှင့် စီမံကိန်းပြုလုပ်နေခြင်းကို တားဆီးသူဟုဆိုကာ ဖမ်းဆီးခံထားရသူအမြန်ဆုံးလွှတ်ပေးရန်အတွက် ဒေသခံများက ဆန္ဒဖော်ထုတ်တောင်းဆိုသွားမှာဖြစ်ပြီး အစိုးရအဖွဲ့ကိုလည်း စာတင်သွားမည်ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်မှုတွင်ဦးဆောင်မည့် လိပ်ဝပ်တောကျေးရွာမှ ကိုအေးကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly