အမေရိကန်ဆိုင်ရာ အာဖဂန်သံအမတ် ရာထူးမှ နုတ်ထွက်

By Tolo News
26 February 2022
အမေရိကန်ဆိုင်ရာ အာဖဂန်သံအမတ် ရာထူးမှ နုတ်ထွက်

အမေရိကန်ဆိုင်ရာ အာဖဂန်နစ္စတန်သံအမတ်ဖြစ်သည့် အက်ဒယ်လာ ရက်ဇ်သည် ယခုအခါ ရာထူးမှ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း သံရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အာဖဂန်သံရုံးအပေါ် ကန့်သတ်ပိတ်ပင်ချက်သစ်များ ချမှတ်ခဲ့ခြင်းက ရက်ဇ် ရာထူးနုတ်ထွက်သွားခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံတွင် အာဖဂန်နစ္စတန်၏ နိုင်ငံရေးနှင့် သံတမန်ရေးရာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်မှုကို ရပ်ဆိုင်းရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့သည်ဟု အာဖဂန် ဒုတိယသံအမတ် အဗ္ဗဒူလ် ဟာဒီ နီရာဘီက Tolo News ကို ပြောသည်။

သံတမန်ရေးရာ လုပ်ငန်းဆောင်တာများ ဆောင်ရွက်မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝါရှင်တန်ရှိ အာဖဂန်သံရုံးကို ပေးပို့သည့် စာတစ်စောင်ထဲတွင် ဖော်ပြထားကြောင်း ၎င်းက ပြောသည်။ သို့သော် Tolo News က ကြည့်ရှုခွင့်ရခဲ့သည့် စာထဲတွင် သံရုံးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုတစ်ချို့ ဆက်ရှိနေနိုင်သည်ဟု ပြောထားသည်။

“အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးထံ ပေးပို့တဲ့ စာထဲမှာတော့ သံအမတ်ကြီးတစ်ယောက်တည်းကိုပဲ နေအိမ်ကနေ ဆက်လက်လုပ်ကိုင်ခွင့်ပြုတယ်လို့ ဆိုထားပါတယ်။ အခြား နိုင်ငံရေးနဲ့ သံတမန်ရေးရာ ကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်တာနဲ့ပတ်သက်လို့ ရပ်ဆိုင်းတော့မယ်လို့ ဆိုထားပါတယ်။ ကျန်တဲ့သံတမန်တွေ အနေနဲ့လည်း အလုပ်လုပ်လို့ မရနိုင်တော့ဘူးလို့ ပြောထားပါတယ်” နီရာဘီက ပြောသည်။

သို့သော် TOLOnews မှ မြင်တွေ့ခွင့်ရခဲ့သည့် မိတ္တူစာတစ်စောင်တွင် အာဖဂန်သံရုံး၏ သံတမန်ရေးဆိုင်ရာ လုပ်ငန်းဆောင်တာများကို ရပ်တန့်သွားမည်ဟု ဖော်ပြထားခြင်းမရှိဘဲ သံအဖွဲ့ကို အရွယ်အစား လျှော့ချသည့်ပုံစံဖြင့် ဆက်ရှိစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အက်ဒယ်လာ ရက်ဇ် သည် ပြီးခဲ့သည့် ၆ လအတွင်း ရာထူးနုတ်ထွက်ခဲ့သည့် တတိယမြောက် အာဖဂန်အကြီးတန်းသံတမန်ဖြစ်လာခဲ့ပြီး သူမ မတိုင်မီကလည်း တရုတ်နှင့် တာ့ခ်မင်နစ္စတန်ရှိ အာဖဂန်သံအမတ်များလည်း ရာထူးကနေ အသီးသီး နုတ်ထွက်ထားခဲ့ကြသည်။

အနောက်အုပ်စု ကျောထောက်နောက်ခံပြု အာဖဂန်အစိုးရဟောင်း ပြုတ်ကျပြီးနောက် အာဖဂန်နစ္စတန် သံတမန်အဖွဲ့များသည် စီးပွားရေးဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly